spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းမွန်တွင် ကွမ်းသီးနုတစ်လုံး ကျပ် ၂၀၀ ထိ ဈေးကောင်းရရှိနေ

    မွန်တွင် ကွမ်းသီးနုတစ်လုံး ကျပ် ၂၀၀ ထိ ဈေးကောင်းရရှိနေ

    -

    မွန်ပြည်နယ်အတွင်း ကွမ်းသီးရာသီအကုန်တွင် ကွမ်းသီးနုတစ်လုံး ကျပ် ၂၀၀ ထိ ဈေးကောင်းရရှိနေသည်ဟု ပြည်နယ်အတွင်း ကွမ်းသီးစိုက်တောင်သူနှင့် ကွမ်းသီးအဝယ်ဒိုင်တို့ထံမှ သိရသည်။

    ပြီးခဲ့သည် သြဂုတ်လအတွင်းက ကွမ်းသီးနုတစ်လုံး ၁၅၀ ကျပ်၊ ပိဿာနှင့်ဆိုလျှင် တစ်ပိဿာ ၁၀၀၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ရာမှ ယခု စက်တင်ဘာလကုန်ပိုင်းတွင် ကွမ်းသီးနုတစ်လုံး ၂၀၀ ကျပ်၊ တစ်ပိဿာ ၁၃၀၀၀ ‌ကျပ်ထိပေါက်‌စျေးရှိနေသည်။

    ကွမ်းသီးရာသီအကုန်တွင် ကွမ်းသီးအထွက်နည်းလာခြင်းနှင့် ဈေးကွက်လိုအပ်ချက်အရ ကွမ်းသီးနု‌စျေးကောင်းလာခြင်းဖြစ်ကြောင်း ဆိုသည်။

    ကွမ်းသီးနုစျေးကောင်းချိန်တွင် အဝယ်ဒိုင်တို့က တွက်ခြေမကိုက်ဘူးဆိုပြီး အလုံးလိုက် အဝယ်ကိုရပ်နားထားကြပြီး အလေးချိန်ဖြင့်သာ ဝယ်ယူနေသည်ဟုလည်း ကွမ်းသီးအရောင်းအဝယ်လုပ်နေသူတို့က ပြောသည်။

    “ဒီလမှာ အကျဈေးမရှိဘူး။ တစ်လုံး ၂၀၀ ကျော်တယ်ဆိုတော့လည်း ဝယ်သူတွေအတွက် မကိုက်ဘူးပေါ့။ ဟိုတုန်းကဆို တစ်နေ့ ပိဿာတစ်ထောင်လောက်ဝင်တယ်။ အခုဆို မရတော့ဘူး။ တစ်နေ့ ပိဿာနှစ်ရာလောက်ပဲရတယ်။ ဈေးကတော့ အရမ်းကောင်းလာတယ်” ဟု ကွမ်းသီးနုဝယ်သူတစ်ဦးက ပြောသည်။

    ကွမ်းသီးနုစထွက်ချိန် ဇူလိုင်လနှင့် သြဂုတ်လဆန်းပိုင်းခန့်က တရုတ်ဘက် ကွမ်းသီးအဝယ်ဒိုင်တို့က အကန့်အသတ်ဖြင့် ဝယ်ယူနေသည့်အတွက် ကွမ်းသီးနုစျေး အတက်အကျ ရှိခဲ့သေးကြောင်းလည်း ကွမ်းသီးစိုက်တောင်သူတို့ထံမှ သိရသည်။

    ယခုနှစ်တွင် ခါတိုင်းနှစ်ကထက် ကွမ်းသီးနုစျေးကောင်းရရှိကြောင်း ကွမ်းသီး‌စျေးကောင်းသည့်အတွက် ကွမ်းသီးစိုက်တောင်သူများလည်း အဆင်ပြေကြကြောင်း ရေးဒေသခံ ကွမ်းသီးခြံပိုင်ရှင်တစ်ဦးက ဆိုသည်။

    “ကွမ်းသီးနုဈေးကောင်းနေတာကြောင့်ပေါ့နော် ကျွန်တော်တို့ ကွမ်းသီးခြံတွေမှာ ဝဲထည့်နိုင်တာပေါ့။ ကွမ်းပင်တွေစိုက်များလာကြတယ်။ ကွမ်းသီးနုကတော့ တရုတ်နိုင်ငံက သူတို့အများကြီးလိုချင်နေတော့ ဈေးကောင်းပေးနေတော့ ကွမ်းသီးခြံပိုင်ရှင်အတွက်ဆို အဆင်‌ပြေတယ်ပေါ့။ မဟုတ်ရင် အဲကွမ်းသီး‌ခြောက်ဈေးနဲ့ဆို ကွမ်းသီးခြံတွေကို ဒီတိုင်းပဲ ပစ်ထားလိုက်ရတော့မယ်” ဟု ၎င်းက ပြောသည်။

    ယခင်က ကွမ်းသီးနုကို အဝယ်ဒိုင်တို့က ခြံထိဆင်းပြီး ကိုယ်တိုင်ခူးယူကာ ဝယ်ယူခဲ့သော်လည်း လက်ရှိတွင် တစ်ရွာဝင် တစ်ရွာထွက်ပုံစံဖြင့်ဝယ်ယူနေသည်ဟု သိရသည်။

    မွန်ပြည်နယ်အတွင်း ကွမ်းသီးအများထွက်သည့် ရေးမြို့နယ်အတွင်းမှာတော့ လတ်တလော ဒေသတွင်းဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခကြောင့် ဒေသခံများ ခြံသွားတာ၊ တစ်ရွာနှင့်တစ်ရွာသွားလာတာ ကန့်သတ်ခံနေရခြင်းတို့ကြောင့် ကွမ်းသီးမခူးနိုင်ဘဲ ဆုံးရှုံးမှုရှိနေသည်လည်း ရှိနေသည်။

    မွန်ပြည်နယ်တွင် ကွမ်းသီးစိုက်ဧက ၅၆၂၆၁ ဧကရှိသည်ဟု RICE ၏ လူမှုစီးပွားသုံးသပ်ချက်တွင် ဖော်ပြထားပြီး လက်ရှိကွမ်းသီးနုရာသီကုန်ဆုံးချိန်တွင် ကွမ်းသီးအခြောက် ဈေးအနည်းငယ်ရရှိလာသော်လည်း ဒေသခံအများစု သိုလှောင်ထားခြင်းမရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks