spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းထားဝယ်ဘက်တွင် စစ်ကောင်စီတပ်က ရွာလုံးကျွတ်နေအိမ်မီးရှို့ဖျက်ဆီးမှု လုပ်ဆောင်နေ

    ထားဝယ်ဘက်တွင် စစ်ကောင်စီတပ်က ရွာလုံးကျွတ်နေအိမ်မီးရှို့ဖျက်ဆီးမှု လုပ်ဆောင်နေ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေပြီး ရွာလုံးကျွတ် နေအိမ်မီးရှို့ဖျက်ဆီးသည့်လုပ်ရပ်ကို ဆက်တိုက်လုပ်ဆောင်လာနေသည်ဟု ဒေသတွင်းက စစ်ရှောင်အရေးကူညီနေသူတို့နှင့် လူ့အခွင့်အရေးလှုပ်ရှားနေသူတို့က ပြောသည်။

    စက်တင်ဘာလအတွင်း၌ ပုလောမြို့နယ်တွင် နေအိမ် ၃၁ လုံးအပြင် ထားဝယ်မြို့နယ်အတွင်းက မောင်မယ်ရှောင်၊ စခန်းကြီး၊ ရင်းဘုတ် စသည့်ကျေးရွာ သုံးရွာက နေအိမ်အလုံး ၆၀ ဝန်းကျင်ကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး တန်ဖိုးကြီး အသုံးအဆောင်ပစ္စည်းများကိုလည်း ယူဆောင်သွားခဲ့သည်ဟု ဆိုသည်။

    စစ်ကောင်စီတပ်တို့က ဒေသခံများ တော်လှန်ရေးအဖွဲ့တို့ကို ကူညီထောက်ပံ့မှု တစ်စုံတစ်ရာမပြုလုပ်နိုင်ရန် ဖြတ်လေးဖြတ်ဗျူဟာဖြင့် ကျေးရွာ၊ နေအိမ်နှင့် စားနပ်ရိက္ခာတို့ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း(HURFOM) ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။

    “PDF ရှိတဲ့နေရာ KNU တပ်မဟာ ၄ မဟာမိတ်တပ်ပေါင်းစုတို့ ရှိတဲ့နေရာဆို ရန်သူရှိတယ်ဆိုတာ အကြောင်းပြုပြီး လက်နက်ကြီးနဲ့ ပစ်တာ၊ နေအိမ် မီးရှို့တာ၊ ရွာတွေကိုမီးရှို့တာ ပိုလုပ်ဆောင်လာတယ်။ အဲလို သူတို့လုပ်တာကလည်း ဖြတ်လေးဖြတ်ထဲက တစ်ဖြတ်ပဲပေါ့နော်။ ရန်သူတည်ရှိရာ နေရာကို အဆက်သွယ်ဖြတ်တာ၊ နေရာတွေကို ဖျက်ဆီးတာ နောက်ပြီး နေအိမ်တွေကို မီးမရှို့ခင်မှာ အိမ်မှာရှိတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ယူသွားတာ၊ ပြီးမှ မီးရှို့ပျက်စီးတယ်။ ရန်သူရှိတာလို့ အကြောင်းပြုပြီး ဖျက်တာပဲ ပြည်သူတွေကလည်း ကူညီထောက်ပံ့တာတွေ မလုပ်နိုင်အောင် ဖြတ်တောက်တာကလည်း သူတို့ဗျူဟာတစ်ခုပဲ” ဟု နိုင်အဲမွန်က ပြောသည်။

    စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာထဲ စစ်ကောင်စီတပ်သား အင်အား ၃၀၀ ခန့် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး ဒေသခံ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်လည်း ရှိသည်။

    ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ် လူ့အခွင့်အရေးချိုးဖောက်မှု၊ လူသားဒိုင်းအဖြစ် ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်သွားတာ၊ နေအိမ်မီးရှို့ခံရမှုဖြစ်စဉ်တွေ နေ့စဉ်နှင့်အမျှ တိုးလာနေပြီး အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရမှုလည်း စိုးရိမ်နေရသည့်အခြေအနေရှိနေသည်ဟုလည်း နိုၚ်အဲမွန်က ဆက်ပြောသည်။

    တနင်္သာရီတိုင်း မြို့နယ်အားလုံးနီးပါတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး နေအိမ်မီးရှို့ခံရမှုတို့ကြောင့် စစ်ဘေးရှောင်ဦးရေ တိုးလာနေသည်ဟု တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်အရေးကူညီနေသူတစ်ဦးက ဆိုသည်။

    “အခုအမတို့ဘက်မှာဆို စစ်ဘေးရှောင် ၃၀၀၀၀ ကျော်နေပြီး ထပ်တိုးလာဖို့ပဲရှိတယ်။ နေအိမ်မီးရှို့ခံရတာနဲ့ လက်နက်ကြီးထိပြီး သေဆုံးတာတွေလည်းရှိတယ်။ စစ်ကြောင်းက ခဏခဏလာတယ်။ တိုက်ပွဲအဖြစ်များတာက တနင်္သာရီမြို့နယ်ပေါ့နော်၊ မိုးရာသီဖြစ်နေတော့ စစ်ရှောင်တွေ နေထိုင်သွားလာဖို့က ခက်ခဲတယ်” ဟု ၎င်းက ပြောသည်။

    မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းအဖွဲ့၏ သတ်မှတ်ဧရိယာဖြစ်သည့် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်တွင် ပြီးခဲ့သည့်သြဂုတ်လအတွင်း နေအိမ်မီးရှို့ဖျက်ဆီးခံရသည့်ဖြစ်စဉ် ၅၅ ကြိမ်ကျော်ရှိခဲ့ပြီး မြေပြင်တွင် ယခု အရေအတွက် ပိုများနိုင်သည်ဟု (HURFOM) က ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks