spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းရေဘေးကူညီကယ်ဆယ်နေသူတို့၏ ဖေ့ဘွတ်အကောင့်များ ဆက်တိုက်ပိတ်ခံနေရ

    ရေဘေးကူညီကယ်ဆယ်နေသူတို့၏ ဖေ့ဘွတ်အကောင့်များ ဆက်တိုက်ပိတ်ခံနေရ

    -

    ရေဘေးကူညီကယ်ဆယ်နေသူတို့၏ လူမှုကွန်ရက်စာမျက်နှာ ဖေ့ဘွတ်အကောင့်များ အကြောင်းမဲ့ ဆက်တိုက်ပိတ်ခံရနေရကြောင်း မွန်ပြည်နယ်အခြေစိုက် ရေဘေးကူညီကယ်ဆယ်နေသူတို့ထံမှ သိရသည်။

    လူမှုကွန်ရက်စာမျက်နှာ ဖေ့ဘွတ်အကောင့်တွင် ရေဘေးအတွက် အလှူငွေစာရင်း၊ အလှူရှင်အမည်စာရင်း၊ ဘဏ်မှတဆင့် ငွေလွှဲထားသည့် အထောက်အထားများ၊ ရေဘေးကူညီမှုဆိုင်ရာ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ တင်သည့်အတွက် အကောင့်ပိတ်ခံနေရသည်ဟု ဖေ့ဘွတ်အကောင့် ပိတ်ခံထားရသည့် မော်လမြိုင်မြို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    “တော်တော်များများ ပိတ်ခံထိတယ်။ အဓိက ပထမဆုံး တိုးသွားတဲ့အချက်က Kpay screenshot တို့ ဘဏ် screenshot တို့ အဲတာတင်ရင်လည်း ဖြစ်တယ်။ အခု အကို့အကောင့်က ဘာတင်လိုက်လဲဆိုတော့ ထိုင်းကနေ ပို့လာတဲ့လက်ရေးနဲ့ ရေးထားတဲ့အလှူငွေစာရင်းကိုတင်လိုက်လို့ ပိတ်ချလိုက်တယ်။ တစ်ခြား pages တွေလည်း ပျက်သွားတာအများကြီး။ နှစ်ပေါင်းများစွာတည်ရှိလာတဲ့ pages တွေလည်းပျက်တယ်။ Kpay screenshot တင်ရင် ရိုးရိုးအကောင့်တွေလည်းပျက်တယ်ဗျ” ဟု ၎င်းက ပြောသည်။

    ဖေ့ဘွတ်က စံချိန်စံနှုန်းနှင့်မကိုက်ညီလို့ဆိုပြီး အကောင့်ကို ပိတ်သည်ဟုဆိုသော်လည်း လက်ရှိတွင် အကောင့် ပိတ်ခံရသူ များသထက်များလာနေသည့်အပေါ် မသင်္ကာဖွယ်ဖြစ်ရာဖြစ်သည်ဟု ဆိုသည်။

    ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ဒေသများအတွက် အင်တိုက်အားတိုက် ကူညီဆောင်ရွက်နေသည့် လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တို့၏ ဖေ့ဘွတ်အကောင်းများသာမက ရေဘးအတွက် အလှူငွေပါဝင်လှူဒါန်းပေးသူတို့၏ ဖေ့ဘွတ်အကောင့်လည်း အပိတ်ခံနေရသည်ဟု သိရသည်။

    လူမှုကွန်ရက်စာမျက်နှာ ဖေ့ဘွတ်အကောင့်ကို အသုံးပြုပြီး ရေဘေးအတွက် အလှူခံတာ၊ ရေဘေးအတွက် ကူညီထောက်ပံ့မှုများ လုပ်ဆောင်နေရသည့်အတွက် ယခုလို ဖေ့ဘွတ်အကောင့် ပိတ်ခံနေရသည့်အပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲများစွာကြုံတွေ့နေရသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတို့က ပြောသည်။

    “ဒီအချိန်ကာလမှာ ကျွန်တော်တို့တွေက Facebook နဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းကို လုပ်ဆောင်နေတဲ့အတွက် Facebook တစ်ခု ပျက်စီးသွားမယ်ဆိုရင် ကျွန်တော်တို့ လုပ်ငန်းတွေလည်း ပျက်စီးသွားနိုင်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့ယုံကြည်မှုတွေလည်း ပျက်စီးသွားတယ်ပေါ့နော်။ အဓိကကတော့ လူမှုကယ်ဆယ်ရေးအသင်းတွေအတွက်က စိန်ခေါ်မှု ကြီးသွားတာပေါ့နော်” ဟု ၎င်းက ပြောသည်။

    ၎င်းပြင် မိုဘိုင်းငွေပေးချေစနစ်ဖြစ်သည့် KBZ Pay အကောင့်အသုံးပြုပြီး ရေဘေးအတွက် အလှူငွေလွှဲပြောင်းသူတို့၏ ဖေ့ဘွတ်အကောင့် ပိတ်ခံနေရသည်လည်း ရှိနေသည်ဟု သိရသည်။

    ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် လုပ်ဆောင်နေသူတို့၏ လူမှုကွန်ရက်စာမျက်နှာအကောင့်များကို စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနမှ ဖွဲ့စည်းထားသည့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့က ရည်ရွယ်ရှိရှိ လိုက်လံပိတ်ပင်နေခြင်းဖြစ်နိုင်ကြောင်း နည်းပညာကျွမ်းကျင်သူတို့က သုံးသပ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks