spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းလူနေပတ်ဝန်းကျင်က မြေမြုပ်မိုင်းတွေကို ရှင်းလင်းစေလို

    လူနေပတ်ဝန်းကျင်က မြေမြုပ်မိုင်းတွေကို ရှင်းလင်းစေလို

    -

    မွန်ပြည်နယ်နှင့် မွန်-ကရင်အစပ် တိုက်ပွဲဖြစ်ပွားနေသည့် နေရာတို့တွင် မြေမြုပ်မိုင်းနင်းမိပေါက်ကွဲသည့်ဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားနေသည့်အတွက် ဒေသခံပြည်သူများ ခြံလုပ်ငန်း လုပ်ကိုင်စားသောက်ရန် အခက်အခဲကြုံတွေ့နေကြရသည်ဟု သိရသည်။

    တိုက်ပွဲပြင်းထန်နေသည့် သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ကျေးရွာနှင့် အနီးတစ်ဝိုက်မှာဆိုလျှင် သြဂုတ်လတတိယအပတ်ကနေ စက်တင်ဘာလ ဒုတိယအပတ်အတွင်း မြေမြှပ်မိုင်းနင်းမိပေါက်ကွဲမှု ၆ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။

    စစ်ကောင်စီတပ် စခန်းချထားသည့်နေရာအနီးနားတစ်ဝိုက်၊ အများပြည်သူသွားလာအသုံးပြုနေသည့်လမ်း၊ ကျေးရွာအနီးနားတစ်ဝိုက်နှင့် ဒေသခံများ လုပ်ကိုင်စားသောက်နေကြရသည့် ခြံ၊ တောတောင်လိုနေရာမျိုးတွင် မြေမြုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားနေသည့်အတွက် ဒေသခံများအကြား မြေမြုပ်မိုင်းအန္တရာယ်ကို စိုရိမ်းပူပန်နေကြရသည်။

    ဒေသခံတို့က မြေမြှုပ်မိုင်းနှင့် ပတ်သက်သည့် အသိပညာမရှိသည့်အတွက်ကြောင့်လည်း ယခုလို မိုင်းအန္တရာယ် ပိုမိုကြုံတွေ့နေရပြီး ဒေသခံများအတွက် မိုင်းအသိပညာပေးအစီအစဉ်များ လိုအပ်လာသည်ဟု သံဖြူဇရပ်ဒေသခံတစ်ဦးက ဆိုသည်။

    “မြေမြုပ်မိုင်းနဲ့ ပတ်သက်တဲ့ ပညာပေးသင်တန်းတွေက လူတိုင်းအတွက်က လိုအပ်လာနေပြီး။ ဒေသခံတွေက မသိဘူးလေ ဒီလိုအခြေနေမှာဆိုရင် ဘယ်လိုရှောင်ရမလဲ။ တကယ်လို့ ခြံသွားရင်လည်း ရှောင်ရန် ဆောင်ရန် နည်းလမ်းတွေကို ဒေသခံတွေ အနည်းဆုံး သိထားသင့်တယ်။ လက်နက်ကိုင်အဖွဲ့တွေက ထောင်ထားတာမှန်ပေမဲ့လည်း အမှန်တကယ်ထိတာ သူတို့မဟုတ်ဘူး။ ပြီးတော့ ကိုယ့်အနီးအနားမှာ မိုင်းအန္တရယ်တွေရှိတဲ့အတွက် ဒေသခံတွေအတွက်လည်း လုပ်ငန်းလုပ်ကိုင်ဖို့ စိန်ခေါ်မှုတွေကြုံနေရတယ်” ဟု ၎င်းက ပြောသည်။

    ယခင်က မြေမြှုပ်မိုင်းမရှိခဲ့သည့်နေရာတွင်ပင် စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာသည့် စစ်ရေးပဋိပက္ခကြောင့် မြေမြှုပ်မိုင်းအန္တရာယ် ပိုမိုဆိုးရွာလာပြီး မိုင်းဒဏ်ကို ဒေသခံအရပ်သားပြည်သူတို့က ရင်ဆိုင်ကြုံတွေ့နေကြရသည်။

    စစ်တပ်အာဏာမသိမ်းခင်ကာလက မွန်အရပ်ဖက်အဖွဲ့စည်းနှင့် မွန်ပြည်သစ်ပါတီတို့ ပူးပေါင်းပြီး မိုင်းအန္တရာယ် ပညာပေးအစီစဉ်များ လုပ်ဆောင်ခဲ့သော်လည်း အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ကန့်သတ်ပိတ်ပင်မှုကြောင့် မိုင်းဆိုင်ရာ ပညာပေးအစီစဉ်များ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပေ။

    လက်ရှိ ပဋိပက္ခဖြစ်ပွားနေသည့်ဒေသတွင် မြေမြှပ်မိုင်းအပြင် စစ်လက်နက်အကြွင်းအကျန်ပစ္စည်း အန္တရာယ်ကိုလည်း ဒေသခံတို့ ရင်ဆိုင်ကြုံတွေ့နေရသည်ဟု မြေမြှုပ်မိုင်းအရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

    “စစ်ရေးအရှိန်က တိုးလာနေတယ်။ ပြီးတော့ တိုက်ပွဲဖြစ်ပွားတဲ့နေရာကလည်း ဒေသခံတွေနဲ့ နီးလာနေတယ်ဆိုတော့ မိုင်းအန္တရယ်အပြင်ကို လက်နက်ကြီးနဲ့ ပတ်သက်တဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့အန္တရယ်တွေကိုပါ ဒေသခံတွေက ရင်ဆိုင်နေရတယ်။ အဲ့ကြောင့် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ ဒေသခံတွေ သင်တန်းပို့ချတာတွေရခဲ့မယ်ဆိုရင် သူတို့အတွက်က များစွာအထောက်ကူပြုစေတယ်” ဟု ၎င်းက ပြောသည်။

    မွန်ပြည်နယ်တွင် သြဂုတ်လအတွင်း မြေမြုပ်မိုင်းကြောင့် သေဆုံးသူ ၂ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၂၀ ဦးရှိကာ ဘီလင်း၊ ကျိုက်ထို၊ သံဖြူဇရပ်မြို့နယ်တို့တွင် မြေမြှုပ်မိုင်းအန္တရယ် အများဆုံးကြုံတွေ့နေရကြောင်း သိရသည်။

    ၂၀၂၄ ခုနှစ် ပထမခြောက်လတာကာလအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေသည့် စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ ၇၀၀ နီးပါးအထိရှိပြီး ၎င်းအရေအတွက်စုစုပေါင်း၏ ၃၂ ရာခိုင်နှုန်းသည် ကလေးငယ်များဖြစ်သည်ဟု UNICEF Myanmar ၏ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks