spot_img
Monday, December 15, 2025
More
    spot_img
    Homeသတင်းတိုက်ပွဲပြင်းထန်နေသည့် အနန်းကွင်းတစ်ဝိုက် ဖုန်း၊ အင်တာနက်လိုင်း ပြတ်တောက်မှု ပိုဆိုးလာ

    တိုက်ပွဲပြင်းထန်နေသည့် အနန်းကွင်းတစ်ဝိုက် ဖုန်း၊ အင်တာနက်လိုင်း ပြတ်တောက်မှု ပိုဆိုးလာ

    -

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ အနန်းကွင်းဗျူဟာတပ်စခန်းတွင် တိုက်ပွဲပြင်းထန်လာပြီးနောက်ပိုင်း အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် ဖုန်လိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်မှု ပိုမိုဆိုးရွားလာနေသည်ဟု ဒေသခံတို့က ပြောသည်။

    အနန်းကွင်းရှိ ဗျူဟာတပ်စခန်းနှင့်နှင့် လွတ်ရှမ်းရှိ တပ်စခန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့က ပြီးခဲ့သည့် ဩဂုတ်လလယ်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဒေသတွင်း နှစ်ဖက်တိုက်ပွဲပြင်းထန်လာခဲ့သည်။

    ထိုတိုက်ပွဲဖြစ်ပွားပြီးနောက် အနန်းကွင်း၊ လွတ်ရှမ်းနှင့် အနီးတစ်ဝိုက်ရှိ ဖာယာ၊ ပုတော၊ ပန်းအောင်၊ ခွန်နဝါ၊ တညင် အစရှိသည့် ကျေးရွာ ၁၀ ရွာထက်မနည်းတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်သွားခဲ့သည်။

    “အနန်းကွင်းဘက်မှာ အင်တာနက် ပြတ်တောက်နေတာက ကြာပြီလေ။ ဒါပေမဲ့ တိုက်ပွဲမပြင်းထန်ခင်ကတော့ တချို့နေရာတွေမှာ ရသေးတယ်။ တိုက်ပွဲပြင်းထန်ခဲ့တဲ့နောက်ပိုင်းမှာတော့ လုံးဝကို မရတော့တာ။ တာဝါတိုင်တွေ ပျက်စီးသွားလို့ မရတော့တာလား၊ သူတို့(စစ်ကောင်စီ) ဖြတ်လိုက်လို့ မရတော့တာလားဆိုတာကိုတော့ မသိဘူး” ဟု စစ်မြေပြင်ရှိ ဒေသခံရဲဘော်တစ်ဦးက ပြောသည်။

    တိုက်ပွဲကြောင့် တာဝါတိုင်အဆောက်အုံများ ပျက်စီးခြင်းနှင့် လုံခြုံရေးအခြေအနေကြောင့် တာဝါတိုင် ပြုပြင်ထိန်းသိမ်းရန် ခက်ခဲခြင်းကြောင့် ဖုန်း၊ အင်တာနက်လိုင်းပြတ်တောက်မှုဖြစ်နိုင်သည်ဟုလည်း ၎င်းက သုံးသပ်သည်။

    ဒေသတွင်း တိုက်ပွဲမပြင်းထန်ခင်က ဖုန်း၊ အင်တာနက်လိုင်း ပြတ်တောက်မှုရှိသော်လည်း ယခုလိုအခြေအနေ မဆိုးရွားကြောင်း၊ တိုက်ပွဲပြင်းထန်လာပြီးနောက် ဖုန်း၊ အင်တာနက်လိုင်း လုံးဝမရတော့သည့် အခြေအနေဖြစ်နေသည်ဟု အနန်းကွင်းဒေသခံတို့က ပြောသည်။

    “အနန်းကွင်းမှာ စစ်ရေးစပြီး တင်းမာနေကတည်းက လိုင်းတွေ မရနေတာ။ အနီးအနားရွာကတော့ နည်းနည်းရနေသေးတယ်။ တိုက်ပွဲပြင်းထန်သွားတော့ ရွာနီးနားကလည်း ဆက်သွယ်လို့ မရတော့ဘူး။ လိုင်းတွေ အကုန်ပျောက်သွားတယ်။ အခု ကျမက မြို့မှာ ရှိနေတာ။ ရွာကလူတွေနဲ့ ဆက်သွယ်မရနေဘူး” ဟု အနန်းကွင်းရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

    စစ်ကောင်စီက သတင်းစီးဆင်းမှုကို ပိတ်ပင်သည့်အနေဖြင့် စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသည့်ဒေသများကို ဖုန်း၊ အင်တာနက်လိုင်း ဖြတ်တောက်လေ့ရှိပြီး အချို့နေရာဆိုလျှင် နှစ်နှင့်ချီ ဖုန်းလိုင်း၊ အင်တာနက်ဖြတ်တောက်ထားသည်။

    “ကျမတို့ဘက်မှာတော့ အင်တာနက် ဖြတ်တောက်ခံထားရတာက နှစ်နဲ့ချီရှိနေပြီ။ အရင်ကတော့ နည်းနည်းတော့ ရတယ်။ အခုက တအားဆိုးဝါးလာတယ်။ လုံးဝကိုမရတော့တဲ့အထိ ဖြစ်သွားတယ်” ဟု ထီးဖိုးနိုင်းရွာခံတစ်ဦးက ပြောသည်။

    စစ်အာဏာသိမ်းပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၈၀ နီးပါးတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်ဟု လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်အတွက် လှုပ်ရှားနေသည့် အသံ (Athan) အဖွဲ့က ထုတ်ပြန်ထားသည်။

    စစ်ကောင်စီအနေဖြင့် အင်တာနက်၊ ဖုန်းလိုင်းများ စသည့်ဆက်သွယ်မှုများကို ဖြတ်တောက်ခြင်းသည် ဘေးအန္တရာယ်ကြောင့် အသက်ဘေးအန္တရာယ် ကြုံတွေ့နေသူများအတွက် အကူအညီတောင်းခံခြင်း မပြုလုပ်နိုင်ဘဲ ကယ်တင်သူမဲ့ကာ အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေတာကြောင့် အင်တာနက်ဖြတ် တောက်ခြင်းများကို လုပ်ဆောင်ခြင်း မပြုလုပ်ရန် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) က စက်တင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်တောင်းဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts