spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုနှင့်‌ ပေါင်မြို့နယ်တွင် စပါးဖြုတ်ပိုးအန္တရာယ် မကြုံစဖူး ရင်ဆိုင်နေရ

    ကျိုက်ထိုနှင့်‌ ပေါင်မြို့နယ်တွင် စပါးဖြုတ်ပိုးအန္တရာယ် မကြုံစဖူး ရင်ဆိုင်နေရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုနှင့် ပေါင်မြို့နယ်အတွင်းရှိ စပါးစိုက်ခင်းများတွင် ဖြုတ်ပိုးအန္တရာယ် မကြုံစဖူးရင်ဆိုင်နေရသည်ဟု ဒေသခံစပါးစိုက်တောင်သူတို့မှ သိရသည်။

    ပြီးခဲ့သည့် သြဂုတ်လလယ်ခန့်ကစပြီး ကျိုက်ထိုမြို့နယ်အတွင်းရှိ စပါးစိုက်ခင်းအားလုံး ဖြုတ်ပိုးဝင်ရောက်ပြီး စပါးခင်းအများအပြားပျက်စီးသွားကြောင်း ကျိုက်ထိုမှ စပါးစိုက်တောင်သူတစ်ဦးက ဆိုသည်။

    “စပါးခင်းတွေ ဖြုတ်ပိုးကျနေတာ သုံးပတ်လောက် ရှိနေပြီ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေတာ မရဘူးဖြစ်နေတယ်။ ပိုးသတ်ဆေးတွေလဲ ဝယ်သုံးထားတယ်။ ထိရောက်မှုမရှိနေဘူး။ စပါးပင်တွေလဲ သေကုန်တယ်။ အချိူ့က ပိုးသတ်ဆေးတွေလဲ ဝယ်မနိုင်ကြ‌တော့ဘူး။ ကုန်များလို့လေ။ တခါမှ ဒါမျိုးပိုးတွေကျတာ မကြုံဖူးဘူး။ အခုဆို ဖြုတ်ပိုးကြောင့်နဲ့ လယ်သမားအများစုက တော်တော်ဒုက္ခရောက်နေကြတယ်” ဟု ၎င်းက ပြောသည်။

    ကျိုက်ထိုနှင့် ပေါင်မြို့နယ်အတွင်း လက်ရှိဖြုတ်ပိုးကျသည့် စပါးခင်းအရေအတွက် အတည်မပြုနိုင်သေးသော်လည်း ဖြုတ်ပိုးကြောင့် စပါး ၁၀ ဧကတွင် ၃ ဧကခန့်က ဖြုတ်ပိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားသည်ဟု ဆိုသည်။

    ဖြုတ်ပိုးကြောင့် ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးအကုန်အကျများနေသည့်အပြင် အခြားသော စပါးဖျက်ပိုးအန္တရာယ်ကိုလည်း စိုးရိမ်နေရသည်ဟု ပေါင်မြို့နယ် စပါးတောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

    “အခုက နောက်ထပ် ပိုးတွေဝင်လာမှာကို စိုးရိမ်‌နေကြတယ်။ ဘာလို့ဆို စပါးပင်တွေ ကြီးလာပြီး စပါးစေ့တွေ ထွက်လာရင် အခြားပိုးက ဖြစ်လာအုန်းမယ်။ မနှစ်ကလဲ ပိုး‌တွေကြောင့် အများကြီးပျက်စီးသွားတယ်။ ပြီးခဲ့တဲ့လမှာ ဖြုတ်ပိုးတွေ နှစ်‌ပတ်လောက်ဖြစ်ခဲ့တယ်။ ဆေးတွေဖျန်းတယ်။ နည်းလမ်းမျိုးစုံ လုပ်ရတာပေါ့။ အများကြီးကုန်သွားတယ်။ တောင်သူတိုင်းလိုလိုပဲ ပိုးဒဏ်ခံရတာ။ ဒီနှစ်အတွက်ကတော့ တောင်သူတွေ ဆုံးရှုံးမှု များမယ့်နှစ်ပဲ” ဟု ၎င်းအမျိုးသမီးက ဆက်ပြောသည်။

    ပေါင်မြို့နယ် ဥက္ကံ၊ ကျခတ်ငူ၊ ဖြူဘ၊ ကျုံဟော်၊ သဲကုန်း၊ ညောင်ကုန်းကြီး စသည့်ဒေသက စပါးစိုက်ခင်းများ ဖြုတ်ပိုးကျရောက်နေသည်ဟု သိရသည်။

    ဖြုတ်ပိုးသည် ဖြုတ်စိမ်း၊ ဖြုတ်ညိုနှင့် ဖြုတ်မဲဆိုပြီး အမျိုးအစား ၃ မျိုးတို့ရှိကြောင်း၊ စပါးပင်ကို ဖျက်ဆီးသည့်ပုံစံလည်းမတူညီကြကြောင်း စိုက်ပျိုးရေးဆိုင်ရာကျွမ်းကျင်သူတို့၏ ပြောဆိုချက်အရ သိရသည်။

    မိုးစပါးသွင်းအားစုစရိတ် အဆမတန်ဈေးမြင့်တက်မှုနှင့် လုပ်သားရှားပါးမှုကြောင့် ယခုနှစ် မိုးစပါး တောင်သူအများစုက မျိုးကြဲသည့်စနစ်ဖြင့်သာ စိုက်ပျိုးကြပြီး မျိုးကြဲစနစ်၏ အားနည်းချက်သည် ဖြုတ်ပိုးအန္တရာယ် ဖြစ်ပေါ်စေသည်ဟု သိရသည်။

    ပြည်ပမှ တင်သွင်းနေသည့် ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာနှင့် စက်သုံးဆီဈေးနှုန်း မြင့်တက်ပြီး ဝယ်ယူရရှိမှု ခက်ခဲနေခြင်းကြောင့် တောင်သူအများစု မသုံးစွဲနိုင်သည့်အခြေအနေရှိနေသည်။

    မွန်ပြည်နယ် ဒေသအချို့တွင် စပါးထွက်ခါနီးအချိန်တွင်လည်း ဆစ်ပိုးကျခြင်း၊ ဖြုတ်ပိုးကျခြင်း နှစ်စဉ်ဖြစ်ပွားလေရှိသည့်အပြင် ရေဘေးကြောင့် ရေနစ်မြုပ်ခဲ့သည့် စပါးခင်းတို့တွင်လည်း ခရုနှင့် ဂဏန်း ဖျက်ဆီးခြင်း ခံရလေ့ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks