Wednesday, March 11, 2026
More
    spot_img
    Homeသတင်းမွန်တွင် ၁၀/ မှတ်ပုံတင်မဟုတ်သူများ အထူးတင်းကြပ်စစ်ဆေးခံနေရ

    မွန်တွင် ၁၀/ မှတ်ပုံတင်မဟုတ်သူများ အထူးတင်းကြပ်စစ်ဆေးခံနေရ

    -

    ရန်ကုန်-မော်လမြိုင်နှင့် မော်လမြိုင်-ရေးကားလမ်းပိုင်းတလျှောက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် မွန်ပြည်နယ်မှတ်ပုံတင်ကိုင်ဆောင်သူမဟုတ်သည့် ခရီးသွားများကို စစ်ကောင်စီက အထူးတင်းကြပ်စစ်ဆေးနေသည်ဟု သိရသည်။

    တစ်နယ်တစ်ကျေးမှ လာရောက်သည့် ခရီးသွားများကို အလုပ်အကိုင်၊ နေရပ်လိပ်စာအတိအကျကို စစ်ဆေးသည့်အပြင် ရပ်ကွက်၊ ရဲစခန်းထောက်ခံစာမပြနိုင်သူကိုလည်း ငွေကြေးတောင်းခံပြီး ခရီးသွားလာခွင့် ကန့်သတ်နေသည်လည်းရှိသည်။

    ရေးဒေသခံတစ်ဦးက “ရေးမှာဆိုရင်တော့ စစ်ကောင်စီရော တော်လှန်ရေးအဖွဲ့ရော နှစ်ဖွဲ့လုံးရှိတယ်။ စစ်ဘက်ကဆိုရင် အဓိက သူတို့က စစ်တာက နေရပ်ပေါ့။ တကယ်လို့ ၁၀/ မဟုတ်ရင် ထောက်ခံစာရှိမှ သွားလို့ရတယ်။ ထောက်ခံစာမရှိရင် ပိုက်ဆံပေးရတာပေါ့။ တော်လှန်ရေးဘက်ဆိုရင် အလုပ်အကိုင်ကို စစ်တယ်။ ဝန်ထမ်းလား ဘယ်သူလဲ။ အဲလိုရှိတယ်ပေါ့ ” ဟု ဆိုသည်။

    မွန်ပြည်နယ် ၁၀/ မှတ်ပုံတင်မဟုတ်သည့် ခရီးသည်ဆိုလျှင် တစ်ဦး ကျပ် ၅၀၀၀ ကနေ ၁၀၀၀၀ ထိ ပေးဆောင်နေရသည်ဟု မော်လမြိုင်-ရန်ကုန် ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

    “မှတ်ပုံတင်က အဓိကဖြစ်နေတာ။ ၄/ မှတ်ပုံတင်တို့ ၅/ မှတ်ပုံတင်တို့ဆိုရင် သူတို့တစ်အားစစ်တယ်။ ရခိုင်ကနေလာတဲ့ခရီးသည်တွေ ကိုယ့်ပြည်နယ်က မဟုတ်တဲ့ခရီးသည်တွေပေါ့ အဲလိုပါရင် လမ်းလွှဲမောင်းရတယ်။ ဘီးလင်းစစ်ဆေးရေးဂိတ်နေရာဆိုရင် ရွာလမ်းပတ်ပြီးတော့ မောင်းရတယ်။ မဟုတ်ရင် သူတို့က(စစ်ကောင်စီ) ပိုက်ဆံ အဆမတန်တောင်းတယ်” ဟု ၎င်းက ပြောသည်။

    စစ်ဆေးရေးဂိတ်အပြင် ကားလက်မှတ်အရောင်းဌာနတို့တွင်လည်း မွန်မှတ်ပုံတင်မဟုတ်သူဆိုလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းထောက်ခံစာပြသနိုင်မှာသာ ရောင်းချပေးနေသည်။

    စစ်ကောင်စီက ယခုလိုမျိုး တင်းကြပ်နေခြင်းသည် စစ်မှုမထမ်းလိုသည့် လူငယ်လူရွယ်များ အခြားဒေသသို့ မသွားလာနိုင်အောင် တားမြစ်လိုခြင်းဖြစ်သည်ဟု မွန်လူငယ်အချို့က သုံးသပ်သည်။

    ဧပြီလ ၁ ရက်နေ့မှစပြီး ခရီးသွားပါက နိုင်ငံသားကတ်(မှတ်ပုံတင်) အသုံးပြုရန် စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးက ထုတ်ပြန်ထားသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်တစ်ဝှမ်း စစ်ကောင်စီစစ်ဆေးရေးဂိတ်အပြင် တော်လှန်ရေးအဖွဲ့တို့ ဦးဆောင်ဖွင့်လှစ်လာသည့် ဂိတ်လည်း အမျာအပြား ရှိလာသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks