Wednesday, March 11, 2026
More
    spot_img
    Homeသတင်းကရင်နီအမျိုးသားကာကွယ်ရေးတပ် ဆေးသင်တန်းသား ၁၈ ဦး ရေထဲမျောပါ သေဆုံး

    ကရင်နီအမျိုးသားကာကွယ်ရေးတပ် ဆေးသင်တန်းသား ၁၈ ဦး ရေထဲမျောပါ သေဆုံး

    -

    ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ဆေးဌာနက ဖွင့်လှစ်ထားသည့် ဆေးသင်တန်းမှ သင်တန်းသား ၁၈ ဦး ရေထဲမျောပါ သေဆုံးသွားခဲ့ကြောင်း KNDF က ထုတ်ပြန်သည်။

    စက်တင်ဘာလ ၁၁ ရက်နေ့ ညက သင်ခန်းစာမစ်ရှင်လေ့ကျင်းခြင်းပြုလုပ်ရန် ချောင်းတခုကို ဖြတ်ကျော်စဉ် မတော်တဆဖြစ်ပွားပြီး ဆေးသင်တန်းသားများ ရေထဲမျောပါသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    “လေ့ကျင့်ရေးတွေလုပ်နေကြတဲ့အချိန်ပါ။ ညဘက်ကြီးဆိုတော့ ဘာမှ သေချာ မမြင်ရဘူး။ ဒါတွေကြောင့်လည်းပါတယ်။ တခြားအခြေအနေတွေလည်းရှိပါတယ်။ ဒါတွေကို သက်ဆိုင်ရာက စစ်ဆေးနေတယ်လို့ ပြောပါတယ်။ ဆုံးသွားတဲ့အထဲမှာ အမျိုးသမီးတွေလဲ ပါပါတယ်” ဟု ဒေသကာကွယ်ရေးအဖွဲ့တစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ဆေးသင်တန်းသားများ ရေထဲမျောပါခဲ့ရသည့် မတော်တဆဖြစ်စဉ်နှင့်ပတ်သက်ပြီး KNDF ဗဟိုအနေဖြင့် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာကို အသိပေးထုတ်ပြန်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

    အဆိုပါ ဆေးသင်တန်းသည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နှင့် တပ်ပေါင်းစုတို့လိုအပ်ချက်အရ ကရင်နီပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုတိုးတက်ကောင်းမွန်ရန် ရည်ရွယ်ဖွင့်လှစ်သည့်သင်တန်းတစ်ခုဖြစ်သည်။

    ကရင်နီပြည်တွင် မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းပြီး တောင်ကျရေးစီးဆင်းလာသည့်အတွက် စစ်ဘေးရှောင်ပြည်သူ အများဆုံးရှိသည့် ဒီမော့ဆိုအနောက်ဘက်ခြမ်းဒေသတွင် ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး စစ်ဘေးရှောင်စခန်း ဆယ်ခုထက်မနည်းတွင် ရေနစ်မြုပ်နေသည်ဟု သိရသည်။

    ကရင်နီပြည်တွင် ရေကြီးရေလျှံမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအပါအဝင် စစ်ဘေးရှောင်ရေထဲမျောပါ သေဆုံးမှုလည်းရှိနေသည်ဟု သိရသည်။

    မိုးသည်းစွာရွာသွန်းမှုကြောင့် ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံတဝှမ်း ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး လူသေဆုံးတာရှိနေသည့်အပြင် လူသိန်းနှင့်ချီ ရေဘေးသင့်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks