spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူ-မုဒုံလမ်းပိုင်း ပျက်စီးနေသည့်အတွက် သယ်ယူပို့ဆောင်ရေးအခက်အခဲဖြစ်

    ဘုရားသုံးဆူ-မုဒုံလမ်းပိုင်း ပျက်စီးနေသည့်အတွက် သယ်ယူပို့ဆောင်ရေးအခက်အခဲဖြစ်

    -

    မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းတစ်ခုဖြစ်သည့် ဘုရားသုံးဆူ-မုဒုံလမ်းပိုင်း ပျက်စီးသွားသည့်အတွက် သယ်ယူပို့ဆောင်ရေး အခက်အခဲ ဖြစ်နေသည်ဟု ယာဉ်မောင်းတို့ထံမှ သိရသည်။

    ယခင်က ဘုရားသုံးဆူကနေ မုဒုံကို နေ့ချင်းပြန်ခရီးသွားလာနိုင်သော်လည်း လက်ရှိ လမ်းပန်းဆက်သွယ်ရေးကြောင့် လမ်းတွင် ညအိပ်ပြီး သွားလာနေရသည်ဟုလည်း ကားသမားတို့က ဆိုသည်။

    “လမ်းတွေ ပျက်စီးနေလို့ ခရီးသွားတွေရော၊ ကားသမားတွေရော အခက်အခဲ ဖြစ်တယ်။ ကားတွေကတော့ ပုံမှန်ဆင်း တက်နေကြပေမဲ့ လမ်းကတော့ တော်တော်ကို ကြမ်းတယ်။ ပြီးတော့ ဖောင်ကူးရတဲ့နေရာမှာလည်း ကားတွေများလို့ အချိန်ယူရတယ်။ နေ့ချင်ပြန် သွားလာနေတဲ့ ခရီးက အခု လမ်းတစ်ဝက်မှာ အိပ်ရတာမျိုးလည်း ရှိလာတယ်” ဟု ဘုရားသုံးဆူ-မုဒုံပြေးဆွဲနေသည့် ကားသမားတစ်ဦးက ပြောသည်။

    ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမှ မွန်ပြည်နယ်ထိကို ဘုရားသုံးဆူ-မုဒုံ (အဘစ်) လမ်း၊ ဘုရားသုံးဆူ-သံဖြူဇရပ်လမ်း၊ ဘုရားသုံးဆူ-ရေး၊ ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး-မုဒုံလမ်းပိုင်း ရှိသော်လည်း ဒေသတွင်းမတည်ငြိမ်မှုနှင့် လုံခြုံရေးအခြေအနေကြောင့် လက်ရှိတွင် ဘုရားသုံးဆူ-မုဒုံ (အဘစ်) လမ်းပိုင်းတစ်ခုသာ သွားလာအသုံးပြုနေကြသည်။

    ရေတိုက်စားမှုကြောင့် လမ်း၊ တံတားပျက်စီးနေသည့်အပြင် လမ်းတလျှောက်မြေပြိုများဖြစ်ပေါ်နေသည့်အတွက် သွားလာနေကြသည့် ကားများ၊ ခရီးသည်များအတွက်လည်း အန္တရာယ်ရှိနေသည့်အနေအထားရှိနေသည်ဟုလည်း ကားသမားတို့က ပြောသည်။

    “အဲလမ်းကျတော့ တောလမ်းဖြစ်တဲ့အတွက် လမ်းတွေ တအားဆိုးတယ်လေ။ လမ်းတလျှောက်မှာဆိုရင်လည်း ချိုင့်ခွက်တွေနဲ့ သွားလာမရဘူး။ ကုန်တင်ကားတွေရော၊ လူတင်တဲ့ကားတွေရောက အကုန် အခက်အခဲ ဖြစ်နေတယ်” ဟု အခြားဒေသခံယာဉ်မောင်းတစ်ဦးက ပြောသည်။

    နယ်စပ်ဘုရားသုံးဆူနှင့် မွန်ပြည်နယ်သို့ အဓိက သယ်ယူပို့ဆောင်ရေးလမ်းပိုင်းတစ်ခုဖြစ်သည့် ဘုရားသုံးဆူ-မုဒုံလမ်းပိုင်း ပျက်စီးနေသည့်အတွက် ခရီးသွားပြည်သူများအပြင် ကုန်ပစ္စည်းပို့ဆောင်ရေး၊ ဒေသခံပြည်သူလူထု သွားလာရေး အခက်အခဲများစွာ ကြုံတွေ့နေကြရသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks