spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းသန်းခေါင်စာရင်းကောက်ယူရန် ဝန်ထမ်းများကို သင်တန်းပေးမည်

    သန်းခေါင်စာရင်းကောက်ယူရန် ဝန်ထမ်းများကို သင်တန်းပေးမည်

    -

    မွန်ပြည်နယ်အတွင်း လူဦးရေသန်းခေါင်စာရင်းကောက်ယူနိုင်ရေး မြို့နယ်အဆင့်ရှိ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများကို စက်တင်ဘာ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ သင်တန်းပေးသွားမည်ဟု နီးစပ်သူတို့ထံမှ သိရသည်။

    စစ်ကောင်စီ ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ပြီးခဲ့သည့် ပဉ္စမအကြိမ် ညှိနှိုင်းအစည်းဝေးတွင် လူဦးရေသန်းခေါင်စာရင်းကောက်ယူရန် စာရင်းနှင့် ဆက်စပ်ပစ္စည်းများ၊ အသုံးဆောင်ပစ္စည်းများကို တိုင်းနှင့် ပြည်နယ်အသီးသီးသို့ ပို့ဆောင်ထားပြီး မြေပြင်ကွင်းဆင်း သန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူရမည်ဟု ဆိုထားသည်။

    ယင်းနောက် သက်ဆိုင်ရာမြို့နယ်သို့ စာရင်းစစ်၊ စာရင်းကောက် သင်တန်းတက်ရောက်ရမည့် ဝန်ထမ်းများကို အကြောင်းကြားစာနှင့်တကွ ပို့ဆောင်လာသည်ဟု ဝန်ထမ်းနှင့် နီးစပ်သူတို့ထံမှ သိရသည်။

    “စာတော့ရောက်လာပါပြီး။ တစ်ကျောင်းကိုနှစ်ယောက် သင်တန်းတက်ရတယ်။ အရင်နှစ်ကဆို တက်ရောက်ရတဲ့သူကို ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင်ရွေးပေးတယ်။ ဒီနှစ်က အဲလိုမဟုတ်ဘူး။ အထက်အမိန့်နဲ့ လာတယ်။ ငြင်းလို့မရဘူး။ သင်တန်းက ၁၂ ရက် တက်ရတယ်။ ကိုယ့်မြို့နယ်ရဲ့ စာသင်ကျောင်းမှာပဲ တက်ရတယ်” ဟု ဝန်ထမ်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ပညာရေးဝန်ထမ်းများအပြင် စစ်ကောင်စီလက်အောက်ရှိ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းနှင့် အုပ်ချုပ်ရေးအဖွဲ့ ရုံးစာရေးဝန်ထမ်းတို့လည်းပါဝင်ပြီး ခရိုင်အဆင့်သင်တန်းကို စက်တင်ဘာ ၃ ရက်နေ့မှစကာ သင်တန်း ပို့ချပေးနေသည်ဟု သိရသည်။

    တဘက်တွင်လည်း စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်သူ မည်သူ့ကိုမဆို အရေးယူသွားမည်ဟု တော်လှန်ရေးတပ်ဖွဲ့တို့က ထုတ်ပြန်ထားသည့်အတွက် သင်တန်းတက်ရောက်ရမည့်သူများ လုံခြုံရေးစိုးရိမ်ရသည့်အခြေအနေရှိနေသည်ဟု ပညာရေးဝန်ထမ်းတို့က ပြောသည်။

    “နယ်ဝေးမှာတာဝန်ကျနေတဲ့ဆရာ/မတွေဆိုရင် တစ်ယောက်မှမသွားချင်ကြဘူး။ နယ်ကနေတက်လာရရင် အန္တရာယ်ကလည်းများတယ်။ တိုက်ပွဲတွေကလည်း လမ်းမှာဖြစ်နေတယ်။ မသွားမနေရမို့လို့ သွားရတာ။ လုံခြုံရေးအရတော့ အပြင်အဝတ်နဲ့ပဲသွားကြမှာ” ဟု ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

    ဝန်ထမ်းများအနေဖြင့် တဘက်တွင် စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူရေးတွင် ပါဝင်ရန် ဖိအားပေးပြီး အတင်းအကြပ်လုပ်ခိုင်းနေသလို တဘက်တွင်လည်း တော်လှန်ရေးတပ်ဖွဲ့တို့က သတိပေးထားသည့်အတွက် ဝန်ထမ်းအလုပ်မှ နှုတ်ထွက်လိုသူများလည်း ရှိလာနေသည်ဟု ဆိုသည်။

    စစ်ကောင်စီက လာမည့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေပြီး ရွေကောက်ပွဲအတွက် သန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း အပြီးကောက်ခံရန် စီစဉ်ထားသည်။

    စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေ စစ်ကောင်စီကို တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့က ဆန့်ကျင်ကန့်ကွက်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks