spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းတိုက်ပွဲကြောင့် မြန်မာပြည်တောင်ပိုင်းတွင် အရပ်သားထိခိုက်သေဆုံးမှု တိုးလာ

    တိုက်ပွဲကြောင့် မြန်မာပြည်တောင်ပိုင်းတွင် အရပ်သားထိခိုက်သေဆုံးမှု တိုးလာ

    -

    တိုက်ပွဲကြောင့် မြန်မာပြည်တောင်ပိုင်း မွန်၊ ကရင်၊ ကရင်နီပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် သြဂုတ်လအတွင်း အရပ်သားထိခိုက်သေဆုံးသူ တိုးလာကြောင်း ဒေသတွင်းသုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် ရာမညအင်စတီကျူနိုင်ငံရေးသုတေသနအဖွဲ့(RICE) က ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

    သြဂုတ်လအတွင်း မြန်မာပြည်တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြား စစ်ရေးအရှိန်မြင့်တက်လာခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုလည်းမြင့်တက်လာခဲ့သည်။

    ဩဂုတ်လတစ်လအတွင်း၌ အရပ်သား ၂၆ ဦးသေဆုံးပြီး၊ ၃၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း အများစုသည် တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်ခံရခြင်း၊ ဗုံးကျဲတိုက်ခိုက်ခံရခြင်း၊ မြေမြှပ်မိုင်းနင်းမိပေါက်ကွဲခြင်းတို့ကြောင့် ထိခိုက်သေဆုံးသည်ဟု အစီရင်ခံတွင် ဖော်ပြထားသည်။

    “ရာခိုင်နှုန်းနဲ့ တွက်ကြည့်မယ်ဆိုရင် အရင်နှစ်တွေမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုက ၅၀ ရာခိုင်နှုန်းလောက်ရှိတယ်။ ဒါပေမဲ့ ၂၀၂၄ မှာတော့ ၈၀ ရာခိုင်နှုန်းလောက်ဖြစ်လာတယ်။ အဲဒီတော့ ၂၀၊ ၃၀ ရာခိုင်နှုန်းမက လူ့အခွင့်အရေးပိုချိုးဖောက်ခံလာရတယ်။ ဥပမာ ဖမ်းဆီးခံရတာ၊ လက်နက်ကြီးထိတာ၊ မြေမြုပ်မိုင်းနင်းမိတာနဲ့ တိုက်ပွဲအတွင်းလက်နက်ထိတာတို့ကို မွန်ပြည်သူတွေ ပိုပြီး ကြုံတွေ့နေရတယ်လို့ ကျွန်တော်တို့မြင်တယ်” ဟု ရာမညအင်စတီကျူတာဝန်ရှိသူတစ်ဦးက ပြောသည်။

    ၎င်းပြင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းမည့်ကိစ္စကြောင့်လည်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု ပိုမိုများပြားလာသည်ဟုလည်း ဆိုသည်။

    ၎င်းက “ကျနော်တို့ တော်လှန်ရေးခရီးစဉ်ကို ပြန်ကြည့်မယ်ဆိုရင် ၂၀၂၄ မှာ စစ်မီးက ပိုပြီးတောက်လောင်နေတယ်၊ မွန်တို့ရဲ့နယ်မြေမှာ တိုက်ပွဲက ပိုပြီးပြင်းထန်လာတယ်။ စစ်မီးက တစ်ရွာပြီးတစ်ရွာ တစ်မြို့ပြီးတစ်မြို့ လောင်ကျွမ်းသွားတော့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုက များလာတယ်။ နောက်ဆိုစစ်ပွဲက ပိုပြီးပြင်းထန်သွားမှာကိုလည်း ကျွန်တော်တို့မြင်တယ်” ပြောသည်။

    သြဂုတ်လအတွင်း မြန်မာပြည်တောင်ပိုင်းတွင် စစ်ကောင်စီနှင့် တော်လှန်ရေး အင်အားစုတို့ကြား ထိတွေ့တိုက်ပွဲ ၈၄ ကြိမ်ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု ၉၆ ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု ၃ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်၊ တစ်ဖက်တည်းပစ်ခတ်တိုက်ခိုက်မှု ၃၀ ကြိမ် ရှိခဲ့သည်ဟုလည်း အစီရင်ခံတွင် ရေးသားထားသည်။

    ဩဂုတ်လအတွင်း စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေပြီး အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးမှုလည်း ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး အဓမ္မဖမ်းဆီးမှုခံရသူ ၅၈ ဦး အထိရှိခဲ့သည်။

    တိုက်ပွဲနှင့် စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ် ၆ လုံးကျော် ပျက်စီးခဲ့ရပြီး၊ ၆၀ ကျော် မီးလောင်ပျက်စီးခဲ့သည့်အပြင် အရပ်သားပြည်သူ ၇၅၀၀ ကျော်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks