spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းအနန်းကွင်းဗျုဟာတပ်စခန်း မကျရေး စစ်ကောင်စီ အပြင်းအထန် ခုခံနေ

    အနန်းကွင်းဗျုဟာတပ်စခန်း မကျရေး စစ်ကောင်စီ အပြင်းအထန် ခုခံနေ

    -

    မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကို ဆက်သွယ်ထားပြီး ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့အထိပေါက်သည် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ အနန်းကွင်းဗျူဟာတပ်စခန်း မကျရေးကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ခုခံတိုက်ခိုက်နေသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ အနန်းကွင်းဗျုဟာတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့က ဩဂုတ်လလယ်ခန့်ကစပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲပြင်းထန်လာခဲ့သည်။

    စစ်ကောင်စီဘက်က အနန်းကွင်းဗျုဟာတပ်စခန်း မကျရေးကို အင်အားအလုံးအရင်းအပြင် လေကြောင်းဖြင့်ပါ တိုက်ခိုက်နေသလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း အနန်းကွင်းဗျုဟာတပ်စခန်း သိမ်းပိုက်နိုင်ရေး စစ်ရှိန်တိုးမြှင် တိုက်ခိုက်လျှက်ရှိသည်။

    အနန်းကွင်းဗျုဟာတပ်စခန်းသည် စစ်ကောင်စီအတွက် အရေးပါသည့် တပ်စခန်းတစ်ခုဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့သာ သိမ်းပိုက်နိုင်မည်ဆိုပါက ထိုင်းနယ်စပ် ဘုရားသုံးဆူမှ မွန်ပြည်နယ်အထိကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ အပြည့်အဝထိန်းချုပ်နိုင်သွားမည့်အနေအထားရှိသည်ဟု တော်လှန်ရေးအဖွဲ့တို့က ပြောသည်။

    “အနန်းကွင်းဗျုဟာတပ်စခန်းက စစ်ကောင်စီအတွက် အရေးကြီးပါတယ်။ အဲနေရာက စစ်ကောင်စီရဲ့ ခြေကုတ်စခန်း ဖြစ်တယ်၊ နယ်စပ်လည်း ဖြစ်နေတဲ့အတွက်ပါ။ ပြီးတော့ သူတို့တပ်အချင်းချင်း ဆက်သွယ်နိုင်ဖို့ လည်း အချက်အချာကျတဲ့ နေရာဖြစ်တယ်။ ဒါကြောင့် အဲဗျုဟာစခန်း မကျဖို့အရေး သူတို့ ပြင်းပြင်းထန်ထန်ကို ခုခံတိုက်ခိုက်နေတယ်။ အဲနေရာသာ သိမ်းပိုက်နိုင်ခဲ့ရင် သူတို့အတွက် အဆက်အသွယ် အကုန်ဖြတ်တောက် သွားမယ်။ ဒီဘုရားသုံးဆူမှာ ရှိနေတဲ့ သူတို့စခန်းနဲ့ရော၊ ကြာအင်းဆိပ်ကြီးမှာ ရှိနေတဲ့ သူတို့စခန်းနဲ့ရောပေါ့။ ဒီအနန်းကွင်းဗျုဟာစခန်းသာ ကျသွားရင် မွန်ပြည်နယ်အထိကို တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်နိုင်တဲ့ အနေထားရှိတယ်” ဟု မွန်တော်လှန်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါက်တာသီရိမွန်ချမ်းက ပြောသည်။

    သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းပေါ်ရှိ စစ်ကောင်စီ၏ အရေးပါသည့် တပ်စခန်းများထဲက တောင်စွန်းတပ်စခန်းကို KNLA ပူးပေါင်းတပ်တို့က ပြီးခဲ့သည့် မေလက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယခုအခါ အနန်းကွင်း ဗျုဟာတပ်စခန်း ဆက်လက်သိမ်းပိုက်နိုင်ရန် တိုက်ခိုက်လာခြင်းဖြစ်သည်။

    လက်ရှိတွင် ထိုင်းနယ်စပ်ဘုရားသုံးဆူကနေ အနန်းကွင်းထိကို KNLA ပူးပေါင်းတပ်တို့က ထိန်းချုပ်ထားသလို အနန်းကွင်းကနေ သံဖြူဇရပ်နှင့် ကြာအင်းဆိပ်ကြီးလမ်းပိုင်းတစ်လျှောက်ကိုလည်း မွန်ပြည်သစ်ပါတီ (AD) နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က လှုပ်ရှားနေသည်။

    “လက်ရှိက အနန်းကွင်းမှာ နှစ်ဖက် စစ်ရေးတင်းမာနေဆဲပဲ။ ရန်သူဖက်ပဲ ဖြစ်ဖြစ်၊ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့ဘက်ပဲ ဖြစ်ဖြစ်၊ တစ်ဖက်ဖက်က အဲတပ်စခန်းကို မထိန်းချုပ်နိုင်သေးသရွေ့တော့ တိုက်ပွဲတော့ ဆက်ဖြစ်နေအုံးမှာပဲ။ ဘာလို့လဲဆိုတော့ အဲနေရာက အဓိကကျတဲ့နေရာ ဖြစ်တယ်။ ဒီအနန်းကွင်း ဗျုဟာစခန်းသာ ထိန်းချုပ်နိုင်မယ်ဆိုလိုရှိရင် ကျန်နေသေးတဲ့ အဘစ်တို့လို တခြားတပ်စခန်းတွေကို လွယ်လွယ် ကူကူနဲ့ မောင်းထုတ်နိုင်မယ့် အနေအထားရှိတယ်” ဟု ဒေါက်တာသီရိမွန်ချမ်းက ဆက်ပြောသည်။

    အနန်းကွင်းဗျုဟာတပ်စခန်းကို သံဖြူဇရပ်နှင့် ဘုရားသုံးဆူမြို့ကို ကာကွယ်ရန် ခံစစ်အဖြစ် ထားထားပြီး ဗျုဟာစခန်းသာ ကျသွားလျှင် ဘုရားသုံးဆူမှ မွန်မြေအထိကို စစ်ကောင်စီက ထိန်းချုပ်နိုင်ရန် မလွယ်ကူ တော့ဟု ဆိုသည်။

    မွန်ပြည်တော်လှန်ရေးတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်နဂါးကလည်း “စစ်ရေးဗျုဟာအရ ဒီအနန်းကွင်းဗျုဟာစခန်းက သံဖြူဇရပ်နဲ့ ဘုရားသုံးဆူအတွက် ခံစစ်အဖြစ် ထားထားတာ။ မြန်မာပြည်တောင်ပိုင်းမှာက သူတို့ဗျုဟာကုန်းက သင်္ဃန်းညီနောင်မှာ တစ်ခု ကျသွားပြီသွားပြီး။ သူတို့(စစ်ကောင်စီ) ရဲ့ ဒုတိယဗျုဟာကုန်း မကျဖို့ တော်တော် လေးကို ခုခံကာကွယ်နေတယ်။ ဒီအနန်းကွင်းသာ ကျသွားရင် ဘုရားသုံးဆူကနေ မွန်မြေအထိ စစ်ကောင်စီက ထိန်းနိုင်ဖို့ ခက်ခဲသွားမယ်။ သူတို့တပ်စခန်းလေးတွေအတွက်လည်း အန္တရာယ်ကြီးမားသွားမယ်။ ကျသွားတာနဲ့ တော်လှန်ရေးအဖွဲ့ဘက်က လှိုင်းလုံးကြီးလို ဝင်လာမယ်” ဟု ပြောသည်။

    လက်ရှိတွင်လည်း တိုက်ပွဲပြင်းထန်းနေသည့် အနန်းကွင်း၊ လွတ်ရှမ်းနှင့် အနီးတစ်ဝိုက်တို့ကို စစ်ကောင်စီက အင်အားရာနှင့်ချီ ဖြည့်တင်းထားပြီး တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်သည့်အနေအထားရှိနေသည်ဟုလည်း ဆိုသည်။

    တိုက်ပွဲပြင်းထန်နေသည့်အတွက် အနန်းကွင်း၊ လွတ်ရှမ်းနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများဖြစ်သည့် ခွန်နဝါ၊ ရဲတံခွန်၊ သက္ကော၊ ကျောက်ဘီလူး၊ တညင်၊ ဖာယာ၊ ပုတော စသည့် ကျေးရွာ ၁၀ ရွာထက်မနည်းမှ ဒေသခံထောင်နှင့်ချီတို့က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    အနန်းကွင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် လူထိခိုက်သေဆုံးမှုရှိခဲ့သလို အနန်းကွင်းကျေးရွာတွင် ရွာလုံးကျွတ်နီးပါး ထိခိုက်ပျက်စီးမှုရှိကြောင်း၊ လွတ်ရှမ်းကျေးရွာ ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks