spot_img
Sunday, December 22, 2024
More
    spot_img
    Homeသတင်းတရုတ်နှင့် အမေရိကန် အားပြိုင်မှုကြားက မြန်မာပြည်

    တရုတ်နှင့် အမေရိကန် အားပြိုင်မှုကြားက မြန်မာပြည်

    -

    ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်သည့် တရုတ်နှင့် အမေရိကန်နိုင်ငံတို့သည် ၎င်းတို့၏ အားပြိုင်မှုတွင် မြန်မာပြည်ကို နိုင်ငံရေးအရ ကြားခံထား၍ ကစားနေကြောင်း နိုင်ငံရေးသုံးသပ်သူများက ဆိုသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာခဲ့သော နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွင် တော်လှန်ရေးအင်အားစုများကို အမေရိကန်က စစ်ရေးလက်နက် မဟုတ်သော ကူညီထောက်ပံ့မှု အစီအစဉ် အမေရိကန်အမျိုးသား ကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA)ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တွင် အမေရိကန်အထက်လွှတ်တော်က အတည်ပြုခဲ့သည်။

    အလားတူ တရုတ်အနေဖြင့်လည်း စစ်ကောင်စီကို စစ်လက်နက်အပါအဝင် အခြားသော အကူအညီများ ပေးနေသည်ဟု စစ်ရေးအကဲခတ်များက ဆိုသည်။

    ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ မြန်မာနိုင်ငံကို လာရောက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့နှင့် တွေ့ဆုံခဲ့သည်။

    ယင်းနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ တွမ်ဆူလီဗန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) ခေါင်းဆောင်တို့ ဩဂုတ် ၁၆ ရက်တွင် အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ကြသည်။

    ပထဝီအနေအထားအရ မဟာဗျူဟာကျသော မြန်မာနိုင်ငံကို အင်အားကြီးနိုင်ငံတို့က ၎င်းတို့၏ အကျိုးစီးပွားအတွက် လိုသလိုပုံဖော်နေကြောင်း၊ လွတ်လပ်သော နိုင်ငံတစ်ခုအနေဖြင့် သတိထားကိုင်တွယ် ဆောင်ရွက်ရန် အရေးကြီးကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျောက်က ပြောသည်။

    “ဒါကတော့ ရှင်းပါတယ်ခင်ဗျ။ အင်အားကြီးတဲ့နိုင်ငံတွေက ဒီလိုနိုင်ငံငယ်တစ်ခုကို ပါဝင်ပြီးမှ ဆောင်ရွက်နေကြတယ်ဆိုတာကတော့ မိမိတို့နဲ့ မိမိတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အကျိုးစီးပွားနဲ့ ရေရှည်မှာ မိမိတို့လိုချင်တဲ့ ပုံစံကို ပုံဖော်နိုင်ဖို့အတွက် အထူးသဖြင့် တစ်ယောက်နဲ့တစ်ယောက် စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးတွေ ယှဉ်ပြိုင်မှုမှာ အသာစီးရဖို့အတွက် အချက်အချာကျတဲ့ မြန်မာနိုင်ငံလို မဟာဗျူဟာကျတဲ့ နယ်ပယ်တစ်ခုမှာ နိုင်ငံတစ်ခုမှာ မိမိတို့ရဲ့ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ဖို့အတွက် ပါဝင်စွက်ဖက်တာ၊ ပါဝင်နေကြတယ်၊ ဝင်ရောက်ပြီးမှ ဖန်တီးနေကြတယ်လို့တော့ မြင်တယ်” ဟု ၎င်းက ပြောသည်။

    ပထဝီနိုင်ငံရေးအရ တရုတ်နှင့် အမေရိကန်တို့သည့် အပြိုင်အဆိုင်ဖြစ်နေကြောင်း၊ တရုတ်က လှုပ်ရှားလာပါက အမေရိကန်အနေဖြင့်လည်း လှုပ်ရှားလာမှာ ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောသည်။

    “သူတို့က ဒီလို အပြန်အလှန်ပေါ့၊ တရုတ်နဲ့ အမေရိကန်နဲ့က ပထဝီနိုင်ငံရေးအရ အပြိုင်အဆိုင်ဖြစ်နေတာ ဖြစ်တယ်။ အမေရိကန်ဖက်ကလုပ်ရင်လည်း တရုတ်ဖက်က လှုပ်ရှားလာတာရှိတာပဲ။ အဲဒီတော့ တရုတ်ဖက်က လှုပ်ရှားလာတော့လည်း အမေရိကန်ဖက်က လှုပ်ရှားလာတာပေါ့။ ပထဝီနိုင်ငံရေးအရ သူတို့ အပြိုင်အဆိုင်ဖြစ်နေတဲ့အခါမှာ ပေါ်လာတဲ့ အခင်းအကျင်းတစ်ရပ်ပါပဲ။ သိပ်တော့ မထူးဆန်းပါဘူး” ဟု ၎င်းက ပြောသည်။

    ဩဂုတ် ၁၄ ရက်နေ့ တွေ့ဆုံမှုတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက မြန်မာပြည် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထောက်ခံကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ တဘက်တွင်လည်း အမေရိကန်က မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို ဆက်လက် ထောက်ပံ့မည် ဖြစ်ကြောင်း ကတိပြုပြောဆိုခဲ့သည်။

    တရုတ်နှင့် အမေရိကန် အားပြိုင်မှုတွင် မြန်မာပြည်က စစ်ပွဲများ ပိုမိုဖြစ်ပေါ်လာစေကြောင်း၊ ပြဿနာ မကြီးထွားလာရေး နိုင်ငံသားများ အနေဖြင့် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဌေးအောင်က ပြောသည်။

    “အဲဒီအင်အားကြီးတွေ ကစားတဲ့ဟာက ကြာပါပြီ။ မြန်မာပြည်မှာက သူတို့ ဆော့နေကြတာလေ။ အခု မြန်မာပြည်ဆူပူမှု ကိစ္စတွေမှအစပေါ့နော်။ သူတို့ အားပြိုင်မှုက မြန်မာပြည်က စစ်မြေပြင်လို ဖြစ်နေတာပေါ့။ အခု ဝမ်ယိက ၁၄ ရက်နေ့လာတယ်။ လာပြောသွားတယ်။ နောက်ပြီးတော့မှ NUG နဲ့လည်း အမေရိကန်နဲ့ တွေ့တယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ပါပါတယ်ဗျ။ တွေ့ပြီးမှ ပြောတဲ့စကားလေးတွေ ပြန်ကြည့်တဲ့အခါမှာ ဟိုဖက်ကလည်း ထောက်ပံ့မယ်။ ဒီဖက်ကလည်း ထောက်ပံ့မယ်ဆိုတဲ့ ကိစ္စမျိုးတွေ ပေးသွားတာပေါ့။ အခုလက်တွေ့ သဘောအရတော့ ဘယ်သူက စလုပ်သလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ရမှာပါ။ ဘယ်သူက လက်တွေ့အကျိုးပြုသလဲ မြန်မာပြည်ကို ကောင်းကျိုးအတွက်ကို ပူးပေါင်းလာသလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အခု သူတို့တွေ့တဲ့ကိစ္စတွေအပေါ်မှာလည်း မြန်မာပြည်က ပြဿနာမကြီးဖို့ကို ဒီနိုင်ငံသားတွေ နားလည်သဘောပေါက်စွာနဲ့ ထိန်းသိမ်းကြဖို့ အရမ်းအရေးကြီးတာပေါ့” ဟု ၎င်းက ပြောသည်။

    မြန်မာပြည်အရေးတွင် တရုတ်၊ အမေရိကန်အပြင် ရုရှားနိုင်ငံလည်း ပါဝင်ကြောင်း၊ ထို့ကြောင့် ၎င်းကိစ္စများကို သတိထား လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းက ပြောသည်။

    “အဲဒီလိုပဲ ငါတို့ဆီမှာလည်း PDF တွေရဲ့ နောက်ခံ ဘယ်သူတွေရှိတုန်း အနောက်နိုင်ငံတွေရှိတယ်။ အနောက်နိုင်ငံတစ်နိုင်ငံတောင်မဟုတ်ဘူး။ အမေရိကန်လည်းပါမယ်။ ပြင်သစ်လည်း ပါမယ်။ ဩဇီလည်း ပါမယ်။ ငါတို့ကတော့ မြင်နေတာပေါ့။ ဒါပေမဲ့ ထောက်ဆတာပေါ့ကွာ။ ပြီးတော့ ချင်းဖက်ကလည်း တချို့ဆိုရင် နိုင်ငံခြား ကျွမ်းကျင်မှုတွေ သင်ပေးနေတာတွေရှိတယ်။ ဒီလိုမျိုးတွေ တဖြည်းဖြည်းနဲ့ အဲဒီဖက်ကနေပြီးတော့ တိုက်ရိုက်ဝင်ပါလာတဲ့အခါကြတော့ ဒီဖက်ကလည်း ဘာပဲပြောပြော အစိုးရကို ပြန်ကပ်ပြီးတော့ ပြန်ပြီးတော့ လုပ်တယ်။ တရုတ်ကလည်း ကစားတာပဲ။ ကိုးကန့်တို့ “ဝ”တို့နဲ့ သူကစားတာပဲ။ ဟိုဖက်က အမေရိကန် ကစားလိုက်တဲ့အခါကြတော့ သူနည်းနည်းလန့်သွားတယ်။ လန့်လည်း လန့်စရာပဲလေ။ နောက်တစ်ခါ ရုရှားလည်း ရှိသေးတယ်နော်။ ရုရှားလည်း ကမ်းလွန်ဆိပ်ကမ်းတွေ လုပ်ဖို့တွေ ခေါင်းဆောင်ပိုင်းတွေ စာချုပ်ချုပ်ထားတာ ရှိတယ်။ အဲဒါကြောင့် တို့နိုင်ငံကြီးက မင်းသား ၃ လက်နဲ့ မင်းသမီး ၁ လက်၊ ကတတ်ရင် ကိစ္စမရှိဘူး၊ မကတတ်ရင် စုတ်ပြတ်သက်သွားမယ်” ဟု ၎င်းက ပြောသည်။

    တရုတ်-မြန်မာနယ်နိမိတ်မှာ မိုင်အားဖြင့် ၁၃၀၀ ထိစပ်လျှက်ရှိပြီး နယ်စပ်တစ်လျှောက် လှုပ်ရှားလျက်ရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့အပေါ်၌ တရုတ်က ဩဇာလွှမ်းမိုးမှုရှိနေသလို စစ်ကောင်စီအပေါ်တွင်လည်း လွှမ်းမိုးမှု ရှိနိုင်ရန် ကြိုးပမ်းနေကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းအကြား သုံးသပ်လျက်ရှိနေသည်။

    ထို့အတူ မြန်မာနိုင်ငံမှာ တရုတ်ရင်းနှီးမြှပ်နှံစီမံကိန်းများအနေဖြင့် မြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စသဖြင့် ရင်းနှီးမြှပ်နှံမှု အများအပြား ရှိနေသည်။

    တရုတ်နှင့် အမေရိကန်တို့၏ ပထဝီနိုင်ငံရေးအရ အားပြိုင်မှုတွင် မြန်မာနိုင်ငံအနေဖြင့် လိမ္မာပါးနပ်စွာဖြင့် ကိုင်တွယ်ရန်လိုအပ်ကြောင်း သို့သော်လည်း မြန်မာ့နိုင်ငံရေးတွင် အမေရိကန်ထက် တရုတ်နိုင်ငံက ထဲထဲဝင်ဝင် ပိုမိုလုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံရေး သုံးသပ်သူတစ်ဦးက ဆိုသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    31,300SubscribersSubscribe
    spot_img

    Latest posts