မွန်ပြည်နယ်အတွင်း မော်လမြိုင်လေဆိပ်နှင့် အခြားခရီးသွားရာနေရာတို့တွင် (Mpox) မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်မှုလုပ်ငန်းများကို သြဂုတ် ၂၃ ရက်နေ့မှစ၍ လုပ်ဆောင်နေသည်ဟု သိရသည်။
လက်ရှိ မော်လမြိုင်လေဆိပ်မှ ဆိုက်ရောက်လာသည့် ခရီသည်များကို စစ်ဆေးမေးမြန်းခြင်း၊ အပှုချိန်တိုင်းတာခြင်း၊ ရောဂါဆိုင်ရာ အချက်အလက်များ ရယူနိုင်ရန် Health Declaration Form ဖြည့်သွင်းစေခြင်း ကျန်းမာရေးအသိပညာပေးပြောကြားခြင်းများကို ပြုလုပ်လျှက်ရှိသည်ဟု သိရသည်။
“အဓိက လေဆိပ်မှာ ဘာကြောင့်လုပ်တယ်ဆို့တော့ ပြည်ပကနေ ပြန်လာတဲ့သူတွေ ရန်ကုန်လေဆိပ်မှတစ်ဆင့် မော်လမြိုင်လေဆိပ်ကို ဝင်ရောက်လာကြတဲ့သူတွေများတယ်လေ အဲကြောင့် အဖွဲ့ပေါင်းစုံပူးပေါင်းပြီး နေ့စဉ် ကာကွယ်မှုတွေ စစ်ဆေးမှုတွေ အသိပညာပေးမှုတွေလုပ်တယ်။ မြန်မာနိုင်ငံမှာတော့ တစ်ယောက်မှ မတွေ့သေးဘူး။ ဒီရောဂါကို ကူစက်ခံရတဲ့ သူကိုတွေ့ရင်လည်း တစ်နည်းနည်းနဲ့ ဆောင်ရွက်သွားမယ်။ ပြင်ဆင်မှုတော့မရှိသေးဘူး။ တွေ့ရှိခဲ့ရင်တော့ ဆေးရုံမှာထားမယ်” ဟု မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ ကိုဘိုဘိုဝင်းက ပြောသည်။
၎င်းအပြင် အရေးပေါ်အခြေအနေတစ်စုံတစ်ရာ ဖြစ်ပေါ်ပါက ကိုဗစ်ကာလမှ ကျန်းမာရေးစောင့်ရှောင့်မှုပုစံအတိုင်း လုပ်ဆောင်သွားရန်ရှိသည်ဟုလည်း ဆက်ပြောသည်။
မော်လမြိုင်အပြင် ကျိုက်ထို၊ သထုံ၊ ဘီလင်း၊ ကျိုက်မရောနှင့် သံဖြူဇရပ်မြို့နယ်အတွင်း ခရီးသွားလာမှု များပြားသည့်နေရာတို့တွင် အသိပညာပေးရေး ပိုစတာစိုက်ထူခြင်း၊ လက်ကမ်းစာစောင်းများပေးဝေခြင်း၊ အသိပညာပေး ဆွေးနွေးဟောပြောပွဲများပြုလုပ်ခြင်းတို့ကိုလုပ်ဆောင်လျှက်ရှိသည်ဟု ရေးဒေသခံတစ်ဦးက ဆိုသည်။
“မြို့နယ်တွေနဲ့ ကျေးလက်ဒေသတွေမှာတော့ အစည်းဝေးတွေခေါ်တယ်။ ဟောပြောပွဲတွေ ဆွေးနွေးပွဲတွေ လုပ်တယ်။ ဆွေးနွေးပွဲမှာတော့ ရောဂါအကြောင်းတွေပြောတယ်၊ကာကွယ်ရေးတွေ လုံခြုံရေးအကြောင်းတွေ ပြောခဲ့ကြတယ်။ အိမ်တိုင်မှာ လက်ကမ်းစာစောင်တွေ ဝေးပေးတာလုပ်တယ်။ တချို့ရွာမှာတော့ အိမ်တိုင်ကိုဝေးပေးတယ်။ မနေ့က ရေးမှာတော့ အစည်းဝေးတက်တဲ့သူတွေကိုပဲ ဝေးပေးတယ်။ အိမ်တိုင်ကိုတော့ မဝေးပေးရသေးဘူး။”ဟု ရေးမြို့ရှိဒေသခံတစ်ဦးမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ၂၁ ရက်နေ့က အိမ်နီးချင်းနိုင်ငံ ထိုင်းနိုင်ငံတွင်မျောက်ကျောက်ရောဂါ (Monkey Pox) ဖြစ်ပွားသူကို ပထမဆုံးစတွေ့ခဲ့ခြင်းကြောင့် ဂရုစိုက်နေထိုင်ရန်နှင့် အတင်မှား သတင်းတုများကို မယုံကြည်ရန် စစ်ကောင်စီကျန်းမာရေးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
စစ်ကောင်စီ ကျန်းမာရေးဌာနမှ ပြည်ပနိုင်ငံမှ ဝင်ရောက်လာသူတို့ကို စောင့်ကြပ်ကြည့်ရှုနေဆဲဖြစ်ပြီး လက်ရှိအချိန်အထိ မျောက်ကျောက်ရောဂါ သံသယလူနာ မတွေ့ရှိသေးကြောင်းနှင့် လူနာတွေ့ရှိပါက ဝေဘာဂီဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားမည်ဟု သိရသည်။


