Thursday, March 12, 2026
More
    spot_img
    Homeသတင်းနေအိမ်မီးရှို့ခံထားရသည့် မျောက်ချောဒေသခံများ အခက်အခဲကြုံနေရဆဲ

    နေအိမ်မီးရှို့ခံထားရသည့် မျောက်ချောဒေသခံများ အခက်အခဲကြုံနေရဆဲ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ မျောက်ချောကျေးရွာတိုက်ပွဲအတွင်း နေအိမ်မီးရှို့ခံထားရသည့် ဒေသခံများ နေရပ်ပြန်လာနေကြသော်လည်း ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲကြုံတွေ့နေရဆဲဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

    ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က ရေဖြူမြို့နယ်၊ မျောက်ချောရွာအနီးတွင် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထောင်နှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။

    တိုက်ပွဲအတွင်း အထိနာခဲ့သည့် စစ်ကောင်စီတပ်တို့က လူမရှိသည့် မျောက်ချောကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ စစ်အင်အားအမြောက်အများဖြင့် ရွာထဲ စစ်ကြောင်းထိုးပြီး နေအိမ် မီးရှို့တာ၊ မွှေနှောက်တာတွေကို လုပ်ဆောင်ခဲ့သည်။

    စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ မီးရှို့ခြင်းကြောင့် မျောက်ချောရွာမှ နေအိမ် အလုံး ၃၀ ကျော် မီးလောင်ပျက်စီးသွားသည့်အပြင် နေအိမ်ရှိ အဖိုးတန်ပစ္စည်းများ၊ ဆိုင်ကယ်၊ ကားတို့ကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်။

    ဒေသတွင်းကနေ စစ်ကောင်စီစစ်ကြောင်း ပြန်ထွက်သွားပြီးနောက် ဇွန်လကုန်ခန့်မှစပြီး ဒေသခံများ နေရပ်ပြန်လာကြကြောင်း နေအိမ်ရှိသည့်သူများအတွက် အဆင်ပြေသော်လည်း အိမ်မီးရှို့ခံရသူများ နေစရာမရှိ စားစရာမရှိသည့်အခြေအနေကြောင့် ထိုင်းနိုင်ငံဘက် ပြန်ထွက်သွားသူလည်းရှိနေသည်ဟု ဒေသခံတို့က ပြောသည်။

    “အိမ်မီးလောင်သွားတဲ့ လူတွေက ခြံရှိရင် ခြံမှာ သွားနေကြတယ်။ အိမ်မီးလောင်သွားတဲ့လူတွေကို အလှူရှင်တွေ လာရောက်ထောက်ပံ့ပေးနေတာတော့ ရှိပါတယ်။ တစ်အိမ် ၅/၆ သိန်း အဲလောက်ပေါ့။ ဒါပေမဲ့ အဆင်မပြေဘူး” ဟု အိမ်မီးလောင်သွားသည့် မျောက်ချောရွာခံတစ်ဦးက ပြောသည်။

    ယင်းအခြေအနေကြောင့် နေရပ်ပြန်လာသောဒေသခံအချို့တို့က ရွာတွင် ခဏတဖြုတ် နေထိုင်ပြီး ထိုင်းနိုင်ငံဘက်သို့ အလုပ်လုပ်ရန် ထွက်ခွာသွားကြသည်ဟု ၎င်းက ဆက်ပြောသည်။

    နေရပ်ပြန်မျောက်ချောဒေသခံများကို မွန်ပြည်သစ်ပါတီနှင့် မွန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့တို့က ကူညီထောက်ပံ့မှုပေးနေသော်လည်း လုံလောက်မှုမရှိသည့် အနေအထားဖြစ်နေသည်ဟု သိရသည်။

    “မျောက်ချောမှာက နေအိမ် ၃၁ လုံးလောက် မီးလောင်ထားတယ်။ အိမ်မီးလောင်ထားတဲ့လူတွေက ပိုအခက်အခဲ ဖြစ်တယ်။ ကွမ်းသီးခြံတို့၊ ရောဘာခြံတို့ ရှိတဲ့လူတွေက ခြံမှာနေပြီ ခြံအလုပ်တွေ လုပ်ကိုင်စားသောက် နေကြတာပေါ့။ ဘာမှမရှိတဲ့လူတွေက ဒီလိုပဲ ဖြစ်သလို စားသောက်နေရတဲ့ အနေအထားရှိတယ်” ဟု ရေဖြူစစ်ဘေးရှောင်များကို အကူအညီပေးနေသူတစ်ဦးက ပြောသည်။

    ရေဖြူမြို့နယ်၊ မျောက်ချောရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် မျောက်ချော၊ မရော့ချိုင်၊ နဂါးအိုင်၊ ကျောင်းဒုံ၊ ကရုန်းပိုင်၊ မိတ်ဇိတ် စသည့် ကျေးရွာ ၉ ရွာ ထက်မနည်းက ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks