spot_img
Friday, February 27, 2026
More
    spot_img
    Homeသတင်းပရဟိတအခမဲ့ဆေးရုံ၊ ဆေးခန်းတို့တွင် ဆေးဝါးနှင့် ပစ္စည်းကိရိယာများ လိုအပ်ချက်များလာ

    ပရဟိတအခမဲ့ဆေးရုံ၊ ဆေးခန်းတို့တွင် ဆေးဝါးနှင့် ပစ္စည်းကိရိယာများ လိုအပ်ချက်များလာ

    -

    မွန်ပြည်နယ်အတွင်းရှိ မြို့ပေါ်နှင့်ကျေးလက်တို့တွင် ဖွင့်လှစ်ထားသည့် ပရဟိတဆေးရုံ ဆေးခန်းတို့တွင် အထွေထွေခွဲစိတ်ကုသခြင်းအပြင် ရိုးရိုးဖျားနာသူတို့ လာရောက်ကုသသူများနေခြင်းကြောင့် ဆေးဝါးနှင့် ဓါတ်ခွဲခန်းကိရိယာများ လုံလောက်မှုမရှိဘဲ လိုအပ်ချက်များလာသည်ဟု အခမဲ့ဆေးရုံအဖွဲ့တာဝန်ရှိသူတို့မှ သိရသည်။

    ဆေးဝါးနှင့် ကျန်းမာရေးစရိတ်ဈေးမြင့်တက်နေသည့်ကာလတွင် အခြေခံလူတန်းစားများ မြို့တွင်းနှင့်အခြားဆေးရုံများတွင် ကုသမှုမခံယူနိုင်ဘဲ လူမှုကူညီရေးအဖွဲ့နှင့် သံဃာတော်တို့မှဦးဆောင်ဖွင့်လှစ်ထားသည့် ပရဟိတအခမဲ့ဆေးခန်းတို့ကို ပိုမိုအားကိုးအားထားပြုလာသည်ဟု သိရသည်။

    ဆေးဝါးနှင့်ကုသမှုပစ္စည်းကိရိယာများ လုံလောက်မှုမရှိခြင်းကြောင့် လူနာတို့ကို ဆေးအလုံအလောက်မပေးနိုင်သည့်အပြင်အခက်အခဲများ ရင်ဆိုင်နေရသည်ဟု သိရသည်။

    ရေးမြို့ ပရဟိတဆေးရုံ တာဝန်ရှိသူတစ်ဦးက “ တချို့ဆေးတွေက နိုင်ငံခြားငွေနဲ့ ဝယ်မှရမယ်။ အဲဒီလိုဝယ်နေရတာကြောင့် အခုချိန်မှာ ဆေးခကတစ်ဝက်လောက်တက်နေတယ်လေ ဝယ်ရခက်နေတယ်။ ကျွန်တော်တို့ ဆေးခန်းမှာဆို ဆေးတွေမကပဲတာဝန်ယူစောင့်ရှောက်ပေးနေတဲ့ဆရာကို ပေးရမယ့် စေတနာခ တွေလဲ ရှိသေးတယ်လေ။ ဟိုတုန်းကဆို လူနာတွေကို တစ်လစာအတွက် ဆေးပေးလို့ရတယ်။ ခုတော့ ၁၅ ရက်စာလောက်ပဲ ပေးနိုင်တော့တယ်။ကိုဗစ်တုန်းက ဆရာဝန်တွေရော ထောက်ပံ့တဲ့သူရောများတယ်။ ခုတော့ သိပ်မရှိသလောက်ပါပဲ။ ဆေးရုံမှာ ကုတင် ၈ လုံးကျော်ကျော်ပဲ ရှိတယ်။ အဲဒီတော့ ၂၀လုံး ၂၅လုံးလောက်လိုအပ်ချက်တွေဖြစ်လာတယ်” ဟု ဆိုသည်။

    ဆေးဝါးပိုင်းသာမက ကုသရေးပိုင်းတွင်လည်း ပစ္စည်းကိရိယာ လုံလောက်မှုမရှိခြင်းကြောင့် တချို့လူနာတို့ကိုခွဲစိတ်မှုမလုပ်နိုင်ဘဲ မြို့တွင်းဆေးရုံကိုသာ ပို့နေရသည်ဟု မော်လမြိုင်မှ အခမဲ့ဆေးခန်းဖွင့်လှစ်ထားသူတစ်ဦးက ဆိုသည်။

    “ကျန်တော်တို့ဆေးခန်းက ဆေးခန်းတစ်ခုလို့တောင်မသတ်မှတ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ဆေးခန်းအတွက် လိုအပ်ပစ္စည်းကိရိယာတွေလုံလုံလောက်လောက်မရှိဘူးလေ။ ဓါတ်ခွဲခန်းတို့ ခွဲစိတ်ခန်းတို့ သေသေချာချာမရှိတော့ တချို့ရောဂါတွေကို မကုသနိုင်ဘူး။ အနာတရခွဲစိတ်တာတို့ ကလေးမွေးတာတို့ကတော့ တတ်နိုင်သေးတယ်။ အဲဒီထက်ရောဂါကြီးတယ်ဆိုရင် မြို့မဆေးရုံးကိုပဲ ပို့ရတယ်” ဟု ဆိုသည်။

    ဆေးဝါးစရိတ်မြင့်တက်လာခြင်းသည် ပြည်ပမှ မှာယူတင်သွင်းရမှုအပါအဝင် ဒေါ်လာဈေးနှင့် သက်ဆိုင်မှုရှိနေသည်ဟု ဆေးရုံ၊ ဆေးခန်းနှင့် နီးစပ်သူတို့က ဆိုသည်။

    မွန်ပြည်နယ်ရှိ ပရဟိတဆေးခန်းအများစုတို့သည် ကိုဗစ်ကာလတွင် ပြည်သူများကို ကျန်းမာရေးဆိုင်ရာကူညီရန်အတွက် ဖွင့်လှစ်ထားရာ လက်ရှိတွင် ပဋိပက္ခကြောင့် ဒဏ်ရာရရှိသည့်ဒေသခံနှင့် နွမ်းပါးသည့် ပြည်သူတို့ကို ဆေးကုသနိုင်ရန် တစ်နည်းတစ်ဖုံ ရပ်တည်လျှက်ရှိသည်။

    ဆေးဝါးစရိတ်အခန်မတန် မြင့်တက်လာခြင်းကြောင့် ယခုနှစ်ပိုင်းအတွင်း အခြေခံလူတန်းစားရပ်ကွက်တို့တွင် အပတ်စဉ်၊ နေ့စဉ်နှင့် အချိန်ပိုင်းဖွင့်လှစ်ပေးနေသည့် အခမဲ့ ပရဟိတဆေးခန်းအချို့ ပိတ်သိမ်းသွားမှုတို့လည်း ရှိနေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks