Friday, March 20, 2026
More
    spot_img
    Homeသတင်းထိုင်းနယ်စပ်ရောက် ရေဖြူစစ်ဘေးရှောင်များ ရေရှည်အတွက် စိုးရိမ်းဖွယ်ဖြစ်သည်ဟုဆို

    ထိုင်းနယ်စပ်ရောက် ရေဖြူစစ်ဘေးရှောင်များ ရေရှည်အတွက် စိုးရိမ်းဖွယ်ဖြစ်သည်ဟုဆို

    -

    ထိုင်းနယ်စပ်၊ ခလော့ဂနီမွန်ဒုက္ခသည်စခန်းသို့ ရောက်ရှိနေသည့် ရေဖြူမှ စစ်ဘေးရှောင်များ ရေရှည်အတွက် စိုးရိမ်းဖွယ်ရာဖြစ်နေသည်ဟု အကူအညီပေးနေသည့်အဖွဲ့အစည်းတို့က ပြောသည်။

    ပြီးခဲ့သည့် ဇွန်လက တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ မျောက်ချောရွာအနီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသ ၁၄၀ ခန့် ထိုင်းနယ်စပ်ရှိ ခလော့ဂနီမွန်ဒုက္ခသည်စခန်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည်။

    ရေဖြူမြို့နယ်အတွင်း တိုက်ပွဲအခြေအနေ ငြိမ်သက်လာသည့်အချိန်တွင် ထွက်ပြေးတိမ်းရှောင်လာသူထဲမှ ထက်ဝက်ခန့်က ပြန်သွားကြသော်လည်း နေအိမ်မီးရှို့ခံရမှုကြောင့် ပြန်စရာနေအိမ်မရှိတော့သည့်သူများက ခလော့ဂနီဒုက္ခသည်စခန်းတွင် ယခုချိန်ထိ ဆက်လက်နေထိုင်နေကြသည်။

    “အခုက လူအယောက် ၇၀ လောက် ကျန်နေပါတယ်။ အဲထဲမှာ နေရပ်မပြန်တော့တဲ့လူတွေလည်း ရှိတယ်။ တချို့က အိမ်တွေ၊ ခြံတွေ မရှိတော့၊ ဒီမှာပဲ အခြေချဖို့ စီစဉ်နေကြတယ်။ လောလောဆယ် သူတို့အတွက် ဆန်၊ ဆီ၊ ဆားတွေ စားဖို့သောက်ဖို့က ပေးနေပါတယ်။ ဒါပေမဲ့ အသက်ဆက်ရှင်နိုင်ရုံလေပါပဲ။ ရေရှည်မှာ သူတို့စားဖို့၊ သောက်ဖို့အတွက် ဒီထက် များများ ပိုပေးနိုင်မှာလား။ လျော့သွားမလား။ ဒီအတိုင်းပဲ ဆက်သွားမလားဆိုတာကိုတော့ မသိသေးပါဘူး။ ကျနော်တို့လည်း ကြိုးစားပေးနေဆဲပါ” ဟု အကူအညီပေးနေသူတစ်ဦးက ပြောသည်။

    ခလော့ဂနီဒုက္ခသည်စခန်းရှိ စစ်ဘေးရှောင်တို့ကို ရေရှည်အသက်မွေးဝမ်းကျောင်းပြုနိုင်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူးရေးလုပ်ငန်း လုပ်ဆောင်နိုင်ရန် ကူညီဆောင်ရွက်ပေးသွားမည်ဟု စီစဉ်ထားသော်လည်း လက်ရှိအချိန်ထိ အကောင်အထည် မဖော်နိုင်သေးကြောင်းလည်း ဆိုသည်။

    စစ်ဘေးရှောင်များသည် ရေရှည်စားဝတ်နေရေးအတွက် စီစဉ်ပေးနိုင်သော်လည်း အနာဂတ်ရှေ့ရေးအတွက် စိုးရိမ်းဖွယ်ဖြစ်သည်ဟုလည်း အကူအညီပေးနေသူတို့က ပြောသည်။

    “စစ်ဘေးရှောင်လာတဲ့သူတွေဆိုတော့လေ အလုပ်က မရှိပြန်ဘူး။ ရေရှည်စားဝတ်နေရေးအတွက် ကျွန်တော်တို့ စီစဉ်ပေးနိုင်ရင် စားဖို့၊ သောက်ဖို့က အဆင်ပြေသွားပေမယ့် သူတို့ဘဝရှေ့ရေး၊ ငွေကြေးစုဆောင်နိုင်ဖို့က မလွယ်ကူဘူး။ သူတို့ဘဝရှေ့ရေးအတွက် ကျွန်တော်တို့လည်း စိုးရိမ်းနေပါတယ်။ လက်ရှိစားဝတ်နေရေးအတွက် အဆင်ပြေသွားဖို့ ကြိုးစားပေးလို့ရပေမဲ့ သူတို့ရဲ့ မျိုးရိုးစဉ်ဆက်အတွက် ပညာရေး၊ ကျန်မားရေး၊ ဘယ်လိုလုပ်ကိုင်စားသောက်သွားကြမလဲဆိုတာကိုတော့ စိုးရိမ်းနေပါတယ်” ဟု အထက်ပါ အကူအညီပေးနေသူက ဆက်ပြောသည်။

    ခလော့ဂနီဒုက္ခသည်စခန်းရှိ စစ်ဘေးဒုက္ခသည်တို့၏ စားဝတ်နေရေးနှင့် ကျန်မားရေးကိစ္စများကို မွန်ပြည်သစ်ပါတီအပြင် မွန်အရပ်ဖက်အဖွဲ့အစည်းအသီးသီးတို့က ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

    ရေဖြူမြို့နယ်၊ ထားဝယ်ခရိုင်၊ မျောက်ချောရွာအနီးတွင် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် မျောက်ချော၊ မိတ်ဇိတ်၊ ရုန်းပိုင်း၊ ကျောင်းဒုံး၊ မရော့ချိုင်း၊ နဂါးအိုင် စသည့်ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

    လက်ရှိတွင် ဒေသတွင်းတိုက်ပွဲအခြေအနေတည်ငြိမ်လာသည့်နောက် ထွက်ပြေးတိမ်းရှောင်ခဲ့သူများ နေရပ်ပြန်လာနေကြသော်လည်း နေရပ်မပြန်နိုင်သေးသည့် ဒေသခံအများအပြား ရှိနေသေးသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks