Thursday, March 12, 2026
More
    spot_img
    Homeသတင်းစက်သုံးဆီခွဲတမ်းရရှိမှု ပုံမှန်မရှိဘဲ ထက်ဝက်အောက်သို့ကျဆင်း

    စက်သုံးဆီခွဲတမ်းရရှိမှု ပုံမှန်မရှိဘဲ ထက်ဝက်အောက်သို့ကျဆင်း

    -

    မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီဆိုင်ကြီးများတွင် ဆီဘောက်ဆာကားများ  တစ်လအတွင်း ၃ ကြိမ်ခန့်သာ ဝင်ရောက်ပြီး ဆီခွဲတမ်းရရှိမှု  ပုံမှန်ထက် ထက်ဝက်အောက်သာရှိနေသည်ဟု သိရသည်။

    ပုံမှန်အားဖြင့် စက်သုံးဆီအရောင်းဆိုင်တို့တွင် တစ်ပတ်လျှင် ၂ ကြိမ် တစ်လ ၈ ကြိမ်နှုန်းဖြင့် လောင်စာဆီသိုလှောင်ကန်အတွင်း ဆီဖြည့်သွင်းနိုင်ခဲ့သော်လည်း ဇူလိုင် ၂၀ ရက်နေ့မှ သြဂုတ် ၂၀ ရက်နေ့အထိ ၃ ကြိမ်ခန့်သာ ဖြည့်သွင်းနိုင်ခဲ့သည်ဟု  စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

    “အခုက ဆီမရောက်ဘူး။ ရောင်းဖို့ဆီမရှိတော့ ဆိုင်ပိတ်ထားရတယ်။ အရင်က တပတ်ဆို နှစ်ခါသွင်းတယ်။ တလဆို ရှစ်ကြိမ်လောက်သွင်းနေတယ်။ အခုဆို တလမှ သုံးလေးခါပဲ ရတယ်။ အချို့အပတ်တွေဆိုရောက် တောင်မရောက်ဘူး။ တစ်ခါရောက်ရင်လဲ တစ်သောင်းငါးထောင်းလီတာ‌လောက်ပဲရတယ်။ တခါတလေ လေး‌ငါးထောင်လီတာလောက်တာ ရောက်တာလဲရှိတယ်။ ဘာလိုလဲဆိုတော့ ဆီတစ်ကားကို လေးငါးဆိုင်လောက်ခွဲယူနေရတယ်”လို့ ၎င်းက ပြောသည်။

    မော်လမြိုင်မြို့အတွင်း စက်သုံးဆီဘောက်ဆာကားတို့ ပြန်လည်ဝင်ရောက်မည့်သတင်း အတုအယောင်သာဖြစ်ပြီး နိုင်ငံတစ်ဝှမ်း ဆီဝယ်ယူရရှိမှုခက်ခဲနေဆဲဖြစ်သည်ဟု ဝယ်ယူသုံးစွဲသူတို့မှသိရသည်။

    စက်သုံးဆီ လာရောက်ဝယ်သူများကိုလည်း ဦးစားပေး ရောင်းချပေးခြင်းမရှိဘဲ တန်စီးစနစ်အတိုင်းသာ အကန့်အသတ်မရှိ ဝယ်ယူနိုင်သော်လည်း စက်သုံးဆီအဝင်အထွက် မမျှတခြင်းကြောင့် ဆီပြတ်လပ်မှုနှင့် ရင်ဆိုင်နေရအုံးမည်ဖြစ်သည်ဟု ဆက်ပြောသည်။

     “ကျွန်တော်တို့ဆီက ဆီလာဝယ်ရင် ဦးစားပေးတာမျိုးတွေမရှိဘူး။ အရင်ရောက်ရင် အရင်ပေးတယ်။ ကြိုက်သလောက်ယူရတယ်။ ကုန်သွားရင်ကုန်ပေါ့။ အကုန်လုံးက သူ့အလုပ်နဲ့သူ အကုန်ရှိကြတယ်လေ။ လိုအပ်နေလို့ အခုလို‌စောင့်ပြီး လာဝယ်နေကြတာလေ။ နောက်ပြီး အဝင်ဆီနဲ့ အထွက်ဆီကလဲ မကိုက်တော့ဘူး။ ဆီကနဲနဲပဲဝင်နေတော့ ရောင်းလို့မလောက်ဘူးလေ။ နဲနဲ‌ရောက်ရင် တစ်ရက်နှစ်ရက်ပဲရောင်းရတယ်၊ ကုန်တော့ ဆိုင်ပိတ်လိုက်ရတယ်ပေါ့”လို့ ၎င်းက ဆက်ပြောသည်။

     မန္တလေးနှင့် ရန်ကုန်မြို့ကြီးတို့တွင် ဆီပန့်ဆိုင်များ၌ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းဝယ်ယူရမှု ရှိနေဆဲဖြစ်ပြီး ညအိပ်တန်းစီစောင့်ဆိုင်းသည်အထိ ဝယ်ယူရရှိမှုခက်ခဲနေခြင်းကြောင့်စက်သုံးဆီအရေး အမြန်ဆုံးဖြေရှင်းစေလိုကြောင်းလည်း မြို့ခံတို့တောင်းဆိုလျှက်ရှိသည်။

    ယနေ့ စက်သုံးဆီလက်ကား ရည်ညွှန်းဈေး အနိမ့်ဆုံးဓါတ်ဆီ ၉၂ တစ်လီတာ ၃၀၇၅  ကျပ်၊ ၉၅ တစ်လီတာ ၃၂၂၅ ကျပ်နှင့် ပရီမီယမ်ဒီဇယ်တစ်လီတာ  ၃၂၉၅ ကျပ်သတ်မှတ်ထားခြင်းကြောင့် ယခင်ဈေးထက် တစ်လီတာ ၁၀၀ ကျပ်ဆီတိုးလာသည့်အပြင် ပြင်ပပေါက်ဈေးတွင်လည်း တစ်လီတာ ၆ ထောင်ကျော်အထိရှိနေသည်ဟုလည်း သိရသည်။

    သီလဝါဆိပ်ကမ်းနှင့် ရန်ကုန်မြစ်ဝအထိ ဆီတင်သင်္ဘောတို့ ရောက်ရှိနေသော်လည်း ငွေပေးချေနိုင်ခြင်းမရှိခြင်းကြောင့် ဆီချမပေးသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည့်သတင်းတို့ ထွက်ပေါ်လျှက်ရှိသည်။

    စစ်ကောင်စီ၏ စက်သုံးဆီတင်သွင်း သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စက်သုံးဆီပြတ်လပ်ခြင်းမရှိကြောင်း သြဂုတ်လ ၁၄ ရက်နေ့တွင် စစ်ကောင်စီ မီဒီယာတို့မှတစ်ဆင့် ပြောဆိုထားသည်။

    မွန်ပြည်နယ်အတွင်း စစ်တပ်အာဏာသိမ်းနောက်ပိုင်း မကြာခဏ စက်သုံးဆီပြတ်လပ်မှုရှိပြီး ဝယ်ယူရန် ခက်ခဲခြင်း၊ ဈေးနှုန်းမတည်ငြိမ်မှုများဖြစ်‌ခြင်းများရင်ဆိုင်ခဲ့ရပြီး လက်ရှိတွင် အဆိုးဝါးဆုံးပြတ်လပ်မှုနှင့်လည်း ကြုံနေရသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks