Thursday, March 12, 2026
More
    spot_img
    Homeသတင်းအနင်းကွင်းတွင် တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးနေရပြီး နေအိမ်အလုံး ၃၀ ခန့် မီးလောင်ပျက်စီး

    အနင်းကွင်းတွင် တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးနေရပြီး နေအိမ်အလုံး ၃၀ ခန့် မီးလောင်ပျက်စီး

    -

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာတွင် တစ်ကျော့ပြန်တိုက်ပွဲကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး နေအိမ်အလုံး ၃၀ ခန့် မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

    အနန်းကွင်းကျေးရွာတွင် ဩဂုတ်လ ၁၅ ရက်နေ့ခန့်ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် စစ်ကောင်စီတပ်တို့ကြား တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

    တစ်ကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးသွားခဲ့သည်ဟု ဒေသခံတို့က လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “မနေ့ (သြဂုတ် ၁၉) ကလည်း လေယာဉ်နဲ့ လာပစ်လိုက်သေးတယ်။ လေယာဉ်နဲ့ ထိတာရော၊ လက်နက်ကြီးထိတာရော၊ မီးအရှို့ခံရတာရော၊ တော်တော်ကုန်သွားတယ်။ ကြားတာကတော့ နေအိမ် အလုံး ၃၀ ဝန်းကျင် ကုန်သွားတယ်။ ရွာသူရွာသားတွေက ရွာထဲမှာ တစ်ယောက်မှ မရှိကြတော့ဘူး။ အခုက အနန်းကွင်းအနီးတစ်ဝိုက်က ရွာတွေကလည်း ပြေးကုန်ကြပြီ။ အခုလည်း စစ်ရေးတင်းမာနေဆဲပဲ” ဟု အနန်းကွင်းရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။

    သံဖြူဇရပ်- ဘုရားသုံးဆူကားလမ်းပေါ်ရှိ အနန်းကွင်းကျေးရွာတွင် ပြီးခဲ့သည့်မတ်လကတည်းက ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ဒေသခံအများစုက ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။

    ယခု ပြန်ဖြစ်နေသည့်တိုက်ပွဲကြောင့်လည်း ရွာတွင် ကျန်ရှိနေသည့် အနန်းကွင်းဒေသများအပြင် အနင်းကွင်းရွာအနီးတစ်ဝိုက်ရှိ တညင်၊ ပုတော၊ ပန်းအာင်၊ သံပုရာ၊ လွတ်ရှမ်း အစရှိသည့် ကျေးရွာများမှ ဒေသခံများလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

    “အရင်က တိုက်ပွဲကြောင့် ညီမတို့က ပြေးပြီး တောထဲမှာ ၅ လလောက် ကျောက်ဂူထဲမှာ တဲလေးဆောက်ပြီး နေနေခဲ့တာလေ။ အခု ထပ်ပြီးရှောင်ခိုင်းတော့ မြို့ပေါ်ရောက်လာပြီ။ ဟိုနေ့က(သြဂုတ် ၁၅) တိုက်ပွဲကြောင့် အနန်းကွင်းအနီးက လူတွေက တောထဲကို ထပ်ပြေးကြရတယ်။ တစ်ခြားရွာက ပြေးသွားတဲ့လူတွေလည်း ရှိတာပေါ့” ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အနန်းကွင်း၊ လွတ်ရှမ်း၊ တံခွန်တိုင်၊ တောင်စွန်း စသည့်ကျေးရွာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် BGF တပ်တို့က ဝင်ထွက်သွားလာနေသည့် ဒေသခံတို့ကို စစ်ဆေး မေးမြန်လေ့ရှိသည်။

    ထိုသို့ စစ်ဆေးမေးမြန်းရာတွင် ၎င်းတို့စခန်း ပစ်ခတ်တိုက်ခိုက်ခံရပါက ရွာလုံးကျွတ် မီးရှို့ပစ်မည်ဟု ဒေသခံတို့ကို ခြိမ်းခြောက်ပြောဆိုလေ့ရှိသည်ဟု ဒေသခံတို့က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks