spot_img
Tuesday, February 11, 2025
More
    spot_img
    Homeသတင်းစစ်ကောင်စီတပ် ပြိုနေပြီးလား

    စစ်ကောင်စီတပ် ပြိုနေပြီးလား

    -

    နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ပြီး တိုက်ခိုက်ခံနေရသည့် စစ်ကောင်စီတပ် ပြိုနေပြီ ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူတို့က ဆိုသည်။

    စစ်ကောင်စီ၏ ရက်စက်မှုမှာ ပြည်သူများက နာကြည်းနေကြောင်း၊ စစ်ကောင်စီတပ်က ပြိုနေပြီဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က ပြောသည်။

    “ဖြစ်လာနိုင်တာပေါ့၊ ဖြစ်လာနိုင်တာပေါ့၊ အချိန်မရွေး တပ်က ပြိုနေပြီလေ၊ တပ်က ပြိုနေပြီ၊ တပ်က ပြိုနေပြီ၊ ဘယ်လိုပြောရမလဲဆိုတော့ နည်းနည်းလေး ဖိလိုက်တာနဲ့ အိတော့မယ့် သဘောဖြစ်တယ်။ ဘာလို့ဆို ဒီစစ်ကောင်စီက အရမ်းရက်စက်တယ်၊ ဖမ်းသွား သတ်ပစ်တာ၊ နိုင်ငံရေး သမားတွေကို မသတ်ပစ်ရဘူးလေ၊ ရုံးတင်ပေါ့၊ ထောင်ချပေါ့၊ ဒါလုပ်ပေါ့။ သတ်ပစ်တာတွေက အရမ်းဆိုတာ မြို့တွေ မီးရှို့တယ်။ ဆွေတွေမျိုးတွေကို သတ်တယ်၊ သွေးသောက်အဖွဲ့ဆိုပြီးတော့ စာတမ်းတွေထိုးပြီးတော သတ်ပစ်ခဲ့တာတွေ အဲဒီတော့ အရမ်းနာကြည်းတာ၊ အရမ်းနာကြည်းနေတာတွေ ရှိတယ်၊ ပြီးတော့ တရား လက်လွှတ်တွေ ပိုက်ဆန်တောင်းတယ်၊ တရားလက်လွှတ်တွေဖမ်းတယ်၊ အဲဒီနာကြည်းမှုတွေဟာ အပြင်က နည်းနည်းဖိလိုက်တာနဲ့ အထဲက အက်ကြောင်းက ထင်ပြီးသား။ ဒါကြောင့် မန္တလေးကို တိုက်မယ်၊ မန္တလေးမှာ တိုက်ပွဲဖြစ်လာနိုင်တယ်ဆိုတာ ဖြစ်မှာ သေချာပေါက်ဖြစ်မှာနော်” ဟု ၎င်းက ပြောသည်။

    ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့က စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ရှမ်းမြောက်ရှိ ကျောက်မဲ၊ မိုးမိတ်၊ လားရှိုး တို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)နှင့် မဟာမိတ်ပူးပေါင်းတပ်တို့က သိမ်းယူနိုင်ခဲ့သလို မန္တတိုင်းအတွင်းရှိ မိုးကုတ်၊ စဉ့်ကူး၊ မတ္တရာမြို့တို့ကိုလည်း သိမ်းပိုက်ခဲ့သည်။

    ထို့နောက် မန္တလေးမြို့အထိ မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားလာနိုင်သည်ဟုဆိုကာ မြို့ခံအများအပြား နေပြည်တော်၊ ရန်ကုန်သို့ ကြိုတင်တိမ်းရှောင်မှုများ ရှိနေသည်။

    လက်ရှိ စစ်တပ်၏ အခြေအနေသည် တဖြည်းဖြည်း အကျပ်အတည်း ကြုံလာသည့်အနေအထားဖြစ်နေကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

    “ပွင့်ပွင့်လင်းလင်း ထောက်ပြရရင်တော့ စစ်ရပ်ရဲ့ အခြေအနေက အတော်လေး ခက်ခဲ့တဲ့ အခြေအနေမျိုးတော့ တွေ့မြင်နေရတယ်၊ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက အခြေအနေမျိုး မဟုတ်တော့ဘူးပေါ့ဗျ၊ ပိုပြီးမှတော့ သိန်းစိန်အစိုးရ မတက်ခင်၊ မတက်ခင်ဆိုတာက စစ်တပ်ကတော့ အင်အားကြီးတဲ့ အခြေအနေမျိုး သိန်းစိန် တက်လာတဲ့နောက်ပိုင်းမှာ၊ အောင်ဆန်းစုကြည်၊ သိန်းစိန်အစိုးရ၊ အောင်ဆန်းစုကြည်အစိုးရနောက်ပိုင်းမှာ အခုဆိုရင် လက်ရှိ စကစရဲ့ အခြေအနေမျိုးဆိုရင် တဖြည်းဖြည်းတော့ အခက်အခဲတော့ ကြုံနေတယ်လို့ပဲ ဒီလိုပဲ ထောက်ပြချင်တယ်” ဟု ၎င်းက ပြောသည်။

    လက်ရှိတွင်လည်း TNLA၊ MNDAA နှင့် ပူးပေါင်းမဟာမိတ်တို့က ရှမ်းမြောက်ရှိ သီပေါမြို့ကို တိုက်ခိုက်လျက်ရှိနေပြီး စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိနေသည်။

    တော်လှန်ရေးအင်အားစုများက နယ်မြေအများအပြားကို သိမ်းပိုက်ရရှိထားသလို မန္တလေးမြို့ကိုလည်း ခြိမ်းခြောက်သည့် အခြေအနေတွင် ရှိနေကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် (UNA) မှ ဦးမျိုးကျော်က ပြောသည်။

    “နှစ်ပေါင်းများစွာ တိုင်းရင်းသားတွေ တော်လှန်ခဲ့တဲ့ နယ်မြေတွေမှာ အခုဆိုရင် တော်လှန်ရေးတပ်တွေကနေပြီးတော့ သူတို့ တော်လှန်ရေး ဧရိယာတွေအပြင် သူတို့ ဘိုးစဉ်ဘောင်ဆက် ပိုင်လာခဲ့တဲ့ နယ်မြေတွေကနေပြီးတော့ သိမ်းလာတဲ့ဟာမျိုးတွေပေါ့နော်၊ ရှမ်းမြောက်တို့ ဘာတို့မှာ အများကြီး တွေ့မြင်ရပါတယ်။ မအလနဲ့ အပေါင်းအပါတပ်တွေကနေပြီးတော့ အလံဖြူထောင်တယ်၊ လက်နက်ချတယ်၊ သူတို့အနေနဲ့ ဆုတ်လာရတယ်။ အခုဆိုရင် မန္တလေးတောင် ခြိမ်းခြောက်ခံနေရတယ်။ မကြာခင်မှာ နေပြည်တော်လည်း သိပ်မသေချာဘူးဆိုတဲ့ အနေအထားဖြစ်လာပြီ။ သူ့အနေနဲ့ကတော့ အာဏာကို သူကိုယ်၌ကိုက စွန့်လွှတ်ပြီးတော့ ပြည်သူဆီမှာ ဝန်ခံဖို့ပဲ ကျန်တော့တယ်လို့ပဲ ကျနော်ပြောချင်တယ်။ အဲဒီလို မဟုတ်ဘဲနဲ့ သူ့အနေနဲ့ကတော့ နိုင်ငံရေးသော်လည်းကောင်း စစ်ရေးအနေနဲ့သော်လည်းကောင်း ထွက်ပေါက်အနေနဲ့ ရနိုင်မယ်လို့တော့ ကျနော်အနေနဲ့ မထင်တော့ပါဘူး” ဟု ၎င်းက ပြောသည်။

    စစ်ကောင်စီ၏ ထိပ်ပိုင်းခေါင်းဆောင်များတွင် အကျင့်ပျက်ခြစားမှု၊ စစ်ရေး၊ နိုင်ငံရေးများထက် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားရေးများသာ လုပ်ဆောင်နေခြင်းကြောင့် အောက်ခြေတပ်သားများမှာ စစ်တိုက်လိုစိတ် မရှိဘဲ တော်လှန်ရေးအင်အားစုများထံ အလွယ်တကူ လက်နက်ချ အညံ့ခံနေကြောင်း နိုင်ငံရေးသမားတစ်ဦးက သုံးသပ်သည်။

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် နိုင်ငံတစ်ဝှမ်း ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက်ကိုင တော်လှန်ရေးကို ဆင်နွှဲခဲ့ကြသည်။

    ထို့နောက် တိုက်ပွဲများမှာ နယ်စပ်ဒေသတွင် သာမက ပြည်မဒေသအထိ ရောက်ရှိလာခဲ့ပြီး လက်ရှိတွင် တော်လှန်ရေးအင်အားစုများက မြို့နယ်ပေါင်း ၇၀ ကျော်ကို သိမ်းပိုက်ထိန်းချုပ်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,900SubscribersSubscribe
    spot_img

    Latest posts