Thursday, March 12, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်တွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၅ ဦးသေ၊ ၂ ဦးပြင်းထန်ဒဏ်ရာရ

    သံဖြူဇရပ်တွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၅ ဦးသေ၊ ၂ ဦးပြင်းထန်ဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ရွာသစ်တွင် ဩဂုတ်လ ၁၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးကာ၊ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း သိရသည်။

    ယမန်နေ့ နေ့လည် ၁၂ နာရီ ၄၀ မိနစ်အချိန်ခန့်က ရဲတံခွန်ရွာသစ်၊ ဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇)၊ တောင်ညိုစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တို့က ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။

    ထိုသို့ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး ၃၇ လုံး ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု တောင်ညိုစစ်ကြောင်းက ယနေ့ ဩဂုတ်လ ၁၆ ရက်နေ့က ထုတ်ပြန်ထားသည်။

    လက်နက်ကြီးသည် ရော်ဘာခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ခြံတွင် အလုပ်လုပ်နေသည့် အသက် ၅၀ နှစ်အရွယ် ဦးအောင်မြင့် သေဆုံးသွားသည့်အပြင် အသက် ၂ နှစ်အရွယ် ကလေးတစ်ဦး၊ အမျိုးသမီး ၃ ဦးနှင့် အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

    “မနေ့က တိုက်ပွဲဖြစ်ပြီးတော့ ရော်ဘာခြံထဲမှာ လက်နက်ကြီးကျသွားတယ်။ ဘယ်ကနေ ပစ်လဲတော့ မသိရဘူး။ အဲမှာ တစ်ယောက်ကတော့ သေသွားတယ်။ ကျန်တာက ဒဏ်ရာနဲနဲပါးပါးရသွားတယ်” ဟု သံဖြူဇရပ်ဒေသခံတစ်ဦးက ပြောသည်။

    ရဲတံခွန်ရွာသစ် ဘုရားကုန်းသည် စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော် တပ်စွဲထားသည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ထံမှ သိရသည်။

    တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိပဲ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ထားသည်။

    စစ်ကောင်စီ အင်အားတိုးချဲ့လာသည့် သံဖြူဇရပ်- ရေးကားလမ်းတလျှောက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲနေ့စဉ်နီးပါးဖြစ်ပွားနေသည်။

    စစ်ကောင်စီက သံဖြူဇရပ်-ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကြောင်းထိုးနေသည်ဟု ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတို့က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks