spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းစစ်ကြောင်းဆက်တိုက်ဝင်ရောက်မှုကြောင့် တနင်္သာရီတိုင်းတွင်စစ်ဘေးရှောင် ၆၃၀၀၀ ကျော်တိုးလာ

    စစ်ကြောင်းဆက်တိုက်ဝင်ရောက်မှုကြောင့် တနင်္သာရီတိုင်းတွင်စစ်ဘေးရှောင် ၆၃၀၀၀ ကျော်တိုးလာ

    -

    တနင်္သာရီတိုင်းဒေသကြီးတွင် စစ်ကောင်စီတပ်မှအင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဆက်တိုက် ဝင်ရောက်လာနေသည့်အတွက် စစ်ရှောင် ၆၃၆၀၀ ကျော်အထိတိုးလာနေသည်ဟု သုတေသနအဖွဲ့တစ်ခုဖြစ်သည့် Fe 5 Tanintharyi မှ ဇူလိုင်လအစီရင်ခံစာအရသိရသည်။

    ဇူလိုင်လအတွင်း စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုများလျော့ကျခြင်းမရှိသည့်အပြင် တနင်္သာရီမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ရွာလုံးကျွတ် ရေကြီးနစ်မြုပ်နေသည့် လယ်သစ်ရွာနှင့် အနီးဝန်ကျင်သို့ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးမှုနှင့် ဗုံးကြဲခြင်းများလုပ်ဆောင်ခဲ့သည်။

    ထို့အပြင် တနင်္သာမြို့နယ်အပါဝင်ကျွန်းစုမြို့နယ်၊ ပုလောမြို့နယ်နှင့်လောင်းလုံးမြို့နယ်၊ ရေဖြူမြို့နယ်တို့၌ ရက်ရှည်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ထားဝယ်ခရိုင် ထားဝယ်၊လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်းမြို့နယ်တို့တွင် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့် ဒေသခံ အနည်းဆုံး ၃၅၃၈၀ ကျော်ရှိကြောင်းထုတ်ပြန်ထားချက်အရ သိရသည်။

    နွေဦးမေတ္တာစစ်ရှောင်ကူညီကယ်ဆယ်သူအမျိုးသမီးတစ်ဦးက “စစ်ဘေးအပြင် ရေဘေးပါကြုံတွေ့ရတော့ စစ်တပ်ဘက်ကလည်းထိုးစစ်ဆင်နေတာက မလျော့ကျနေဘူး။ ရေကြီးတော့ နေရာပြောင်းရတယ်၊ ရေကျတော့ နေရပ်ပြန်ပေမဲ့အခုက တိုက်ပွဲအခြေအနေဆိုးတော့ထပ်ပြောင်းရတယ်”ဟုပြောသည်။

    ရှမ်းမြောက်ဒေသတွင် နယ်မြေလက်လွှတ်ဆုံးရှုံးမှုများပြားသည့် စစ်ကောင်စီအဖွဲ့တို့သည် တောင်ပိုင်းဒေသဘက်သို့ အပြင်းအထန် စစ်ကြောင်းထိုးဝင်ရောက်မှုများလာခြင်းကြောင့် မွန်၊ ကရင်၊တနင်္သာရီ စသည့်ဒေသ တို့တွင် စစ်ရှောင် ၇၅၀၀၀ ကျော်တိုးလာနေသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်ကပြောသည်။

    “ရှမ်းမြောက်ကသူတို့ယူမနိုင်တော့ အာရှလမ်းမကြီးကို ထိန်းချုပ်ချင်လာတယ်။ ဒီတောင်ဘက်ပိုင်းကို ပိုအင်အား ဖြည့်တင်းလာတယ်၊ မြေပြင်မှာရှောင်တခင် စစ်ကြောင်းထိုးမှုနဲ့ အကြမ်းဖက်မှုများ လာတော့ ပြည်သူတို့ နေရပ်စွန့်ခွာမှုများလာတယ် စစ်ရှောင်စခန်းရောက်ဖို့ကလည်းမလွယ်ဘူး။ ဖြတ် ၄ ဖြတ်နဲ့သူတို့သွားတာ ဆိုတော့ နေထိုင်တဲ့ရာနေရာတွေမှာရမ်းသမ်းပစ်ခတ်၊ စစ်မျက်နှာပြင်အကြားကပြည်သူတို့က တော်လှန်ရေး နယ်မြေမှာလည်းမလုံခြုံ၊ အစိုးရကိုလည်းအားကိုးမရ၊ တိုင်းရင်းသားနယ်မြေဘက်ကိုလည်း ခိုလှုံဖို့ကလည်း ခက်ခဲနေ”ဟု ၎င်းကပြောသည်။

    ထို့ပြင် လူ့အခွင့်အရေးအဖွဲ့နှင့် သတင်းမီဒီယာတို့ အချက်အလက်ရရှိရန်ခက်ခဲသည့် ထားဝယ်တောင်ဘက်ပိုင်း တနင်္သာရီ၊ ဘုတ်ပြင်း၊ ပုလော၊ မြိတ်ဒေသတွင် စစ်ကြောင်းထိုးစဉ်လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင် သွားရပြီး သတင်းအစအနပျောက်ဆုံးသေဆုံးခြင်းစသဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံနေရသည်ဟု ၎င်းက ဆက်
    ပြောသည်။

    “စစ်ကြောင်းနဲ့ဆုံရင် ဖမ်ဆီးခံရ၊ လူသားဒိုင်းအဖြစ်ဆွဲခေါ်ခံရ၊ သတင်းအစအနမရလို့ ပျောက်ဆုံးသေဆုံးသွားတာ လည်းရှိတယ်၊ စစ်သားအဖြစ်အတင်းသွပ်သွင်းခံရ၊ ထားဝယ်တောင်ပိုင်းဘက်ဆို မီဒီယာတွေသတင်းမရကြတာ၊ ကူညီကယ်ဆယ်သူတွေကနေတစ်ဆင့်သိရတာ၊”၎င်းကဆိုသည်။

    ဇူလိုင်လတွင် တိုက်ပွဲနှင့်ပဋိပက္ခများကြောင့် အရပ်သား ၁၁ဦးသေဆုံးခဲ့ရပြီး၊ စစ်ကောင်စီမှ အကြောင်းအမျိုးမျိုး ပြပြီးဖမ်းဆီးခဲ့ရာ ၁၆၇ ဦးထက်မနည်းဖမ်းဆီး ခံရပြီး၊ ၁၃၆ ဦးပြန်လွတ်မြောက်ကာ ၅ ဦးသေဆုံးခဲ့ရကြောင်း Fe 5 Tanintharyi ၏ ထုတ်ပြန်ထားချက် အရသိရသည်။

    တနင်္သာရီမြို့နယ်ကိုစစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာသယ်ဆောင်ခွင့် လုံးဝပိတ်ပင်ကန့်သတ်ထားသဖြင့် ယင်းဒေသရှိ စစ်ဘေးရှောင်များအခက်ခဲများစွာ ကြုံတွေ့နေရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks