spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်တွင် ခိုးဆိုးလုယက်သူတို့ကို စစ်ကောင်စီမှလုံးဝအရေးမယူ

    ရေးမြို့နယ်တွင် ခိုးဆိုးလုယက်သူတို့ကို စစ်ကောင်စီမှလုံးဝအရေးမယူ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီမှ ခိုးဆိုးလုယက်မှုနှင့်ဆိုင်သည့်  ပြစ်မှုကျူးလွန်သူတို့ကို လုံးဝအရေးမယူတော့သည့် အခြေအနေတွင်ရှိနေပြီး  မသမာသည့်နည်းလမ်းနှင့် ငွေရှာသူတို့လည်း တိုးသထက်တိုးလာနေသည်ဟု ရေးဒေသခံတို့မှ သိရသည်။

    လူမြင်ကွင်းနှင့် နေ့ခင်းပိုင်းပါမကျန် လုယက်နေသူတို့ကို ဒေသခံတို့မှဝိုင်းဝန်းဖမ်းဆီးကာ စစ်ကောင်စီအဖွဲ့တို့ထံ သွားရောက်အပ်နှံသော်လည်း အရေးယူခြင်းမရှိဘဲ မိနစ်ပိုင်းအတွင် ပြန်လည်လွှတ်ပေးနေသည်ဟု ရေးမြို့ခံတစ်ဦးက ဆိုသည်။

    " နေ့တိုင်းပဲ ခိုးနေကြတာ ညရော မနက်ရော ဒါပေမဲ့ ဖမ်းမိလည်း ဘာမှမထူးဘူး။ ဖမ်းမိတော့ သူတို့ဆီကို သွားအပ်လည်း ၅ မိနစ်တောင်မပြည့်ဘူး သူတို့ပြန်လွှတ်လာတာ သူခိုးက အိမ်အရင်ပြန်ရောက်သွားတယ် ကိုယ်တောင် အိမ်မရောက်သေးဘူး။ အုပ်ချုပ်ရေးဘက်နဲ့ ရဲစခန်းဘက်ကို ဆွေးနွေးဖူးတယ် သွားတိုင်ဖူးတယ် သူတို့ရဲ့စစ်သားတွေကို ကင်းစောင့်ခိုင်းတယ် ဒါပေမဲ့ ညဘက်မှာဒီလူကဖမ်း မနက်ပိုင်းမှာ ဟိုလူကလွှတ်လိုက်တယ် ဘာမှမထူးဘူး။ သူတို့က အဲသူခိုးတွေကို မွေးထားတာ သူတို့ ထူးခြားတဲ့သတင်းတွေ ရဖို့ သူတို့မွေးထားတယ် ဒေသခံတွေကိုလည်း ဒုက္ခပေးဖို့နဲ့ သူတို့ အခွန” ဟု ထိုသူကဆက်ဆိုသည်။

    အဆိုပါခိုးဆိုးလုယက်သူတို့ကို စစ်ကောင်စီ၏ သတင်းပို့သူအဖြစ်လည်းအသုံးပြုနေပြီး အုပ်စုဖွဲ့ကာ လက်နက်ကိုင်ဆောင်သွာလာနေခြင်းကြောင့် ဒေသခံတို့ အသက်အန္တရာယ်ငြိမ်းခြောက်မှုနှင့်လည်း ရင်ဆိုင်နေရသည်။

    ရေးမြို့ပေါ်တွင် သြဂုတ်လဒုတိယအပတ်အတွင်း နေအိမ် ၆ အိမ်ကျော် ဖောက်ထွင်းခြင်းခံရပြီး အမှုမှန်ပေါ်ပေါက်ခြင်းမရှိသည့်အပြင် ပျောက်ဆုံးသွားသည့်ပစ္စည်းနှင့် ငွေကြေးတို့ကိုလည်း ပြန်လည်ရရှိခြင်းမရှိကြောင်း သိရသည်။

    ကာကွယ်မှုဆိုင်ရာ တစ်စုံတစ်ခုမရှိတော့သည့်နောက် အများပြည်သူတို့ နေ့စဉ်ဘဝလုံခြုံမှုအပြင် နစ်နာဆုံးရှုံးမှုများစွာရှိနေသည် ၎င်းရေးမြို့ခံက ဆက်ပြောသည်။

    “ညညဆိုရင် မအိပ်ရဲဘူး။ သူတို့က အဖွဲ့အစည်းနဲ့လှုပ်ရှားနေတာ။ ဒီရပ်ကွက်မှာ ၁၀ ယောက်သွား ဟိုရပ်ကွက်မှာ ၅ ယောက် ဒီရပ်ကွက်မှာ ၃ ယောက် အဲလို လူခွဲပြီးသွားခိုးနေကြတယ်။ ခိုးပြီးရလာတဲ့ပမာဏတွေကိုစု ပြီးရင် အတူခွဲဝေယူကြတယ်။ နေ့ပိုင်းဆိုရင် ခြံဘက်မှာ သွားခိုးတယ်၊ ညပိုင်းဆိုရင် အိမ်တွေမှာ လာခိုးတယ်။ ရှိသမျှတွေ အကုန်ခိုးနေတာ ဘုန်းကြီးကျောင်းမှာရှိတဲ့ ကြေးစည်ကိုလည်းခိုးတယ်။ ခြံတွေမှာဆိုရင်လည်း ကွမ်းနုတွေကို သူတို့ ခူးယူနေတာ ခြံပိုင်ရှင်ကလည်း ဒီတိုင်းကြည့်နေရတယ် မပြောရဲဘူးလေ သူတို့က လူ ၇ ယောက်လောက် ပြီးတော့ လက်နက်တွေလည်းပါသေးတယ်” ဟု ရေးမြို့တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

    မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတွင်လည်း ယခုကဲ့သို့ဖြစ်ပွားနေပြီး စစ်ကောင်စီအုပ်စိုးထားသည့် နေရာတို့တွင်လည်း ခိုးဆိုးလုယက်မှုတို့ ဖြစ်ပွားလျှက်ရှိသည်။

    အာဏာသိမ်းမှုကိုဆန့်ကျင်သူနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကို ထောက်ပံ့သူတို့ကို အဓိကပစ်မှတ်ထားဖမ်းဆီးနေသည့် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီအဖွဲ့တို့သည် လက်ရှိတွင် စစ်ရှုံးနေသည့်အခြေအနေတို့ကြောင့် ခိုးမှု လုယက်မှုတို့ကိုလည်း နောင်တွင်အရေးယူနိုင်မည်မဟုတ်ကြောင်းလည်း စီ်ကောင်စီနှင့်နီးစပ်သူတို့ကြား ပြောဆိုလျှက်ရှိသည်။

    အာဏာသိမ်းကာလ ပြည်တွင်းတွင် အလုပ်အကိုင်ရှားပါးခြင်းနှင့်အတူ ကုန်ဈေးနှုန်းမြင့်တက်မှုတို့ ဖြစ်ပေါ်လျှက်ရှိသည်။ စားဝတ်နေရေးမလုံလောက်မှုအပြင် နေထိုင်ရေးအခက်ခဲနှင့် ရင်ဆိုင်နေရချိန်တွင် ခိုးဆိုးလုယက်ခံရသည့်အန္တရာယ်တစ်ခုလည်း ဒေသခံပြည်သူတို့ ထပ်မံတိုးပွားရင်ဆိုင်နေရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks