spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းဒေသတွင်းတိုက်ပွဲများကြောင့် မော်လမြိုင်မြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်သူများလာ

    ဒေသတွင်းတိုက်ပွဲများကြောင့် မော်လမြိုင်မြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်သူများလာ

    -

    မွန်ပြည်နယ် ဒေသအသီးသီးတွင် ဖြစ်ပွားနေသည့်တိုက်ပွဲနှင့် မလုံခြုံမှုတို့ကြောင့် မော်လမြိုင်မြို့ပေါ်သို့ ပြောင်းရွေ့နေထိုင်သူ များပြားလာသည်ဟု မြို့ခံတို့ထံမှ သိရသည်။

    လက်ရှိတွင် စစ်ရေးတင်းမာနေသည့် ရေး၊ ကျိုက်မရော၊ သံဖြူဇရပ်မြို့နယ်တို့အပြင် မွန်ပြည်နယ်နှင့် ဆက်စပ်သည့် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ ဒေသခံများလည်း မော်လမြိုင်မြို့ပေါ်သို့ ပြောင်းရွေ့လာသည်ကို တွေ့ရှိနေရသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

    “ရေးတို့၊ ရေဖြူတို့၊ ကျိုက်မရော၊ ကြာအင်းဆိပ်ကြီးနဲ့ နယ်မြေလုံခြုံမှုမရှိတဲ့ တခြားသောဒေသက ဒေသခံတွေက ဒီမော်လမြိုင်မြို့ထဲကို အများကြီး ပြောင်းရွေ့လာနေကြတယ်။ အဲဒီလို ပြောင်းရွေ့သူများလာတဲ့အတွက် အိမ်တွေ တိုက်ခန်းတွေက ရှာရခက်လာတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

    ပြောင်းရွှေ့လာသူများသည် နီးစပ်ရာ ဆွေမျိုး၊ မိတ်ဆွေအိမ်နှင့် ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းတို့တွင် ခဏတဖြုတ်နေထိုင်ပြီး အိမ်၊ အဆောင်ငှားရန်းနေထိုင်ကြကြောင်း အချို့ဆိုလျှင် အိမ်ခြံဝယ်ပြီး နေထိုင်လာကြကြောင်း ဆိုသည်။

    ထိုသို့ ပြောင်းရွှေ့လာသူ များလာသည့်အတွက် မော်လမြိုင်မြို့ပေါ်တွင် အိမ်ခြံမြေစျေးအဆမတန်မြင့်တက်လာသလို အိမ်နှင့် တိုက်ခန်းငှားရမ်းရန်လည်း ခက်ခဲလာကြောင်း ဈေးနှုန်းလည်း မြင့်တက်လာကြောင်း အိမ်၊ တိုက်ခန်းငှားရမ်းနေထိုင်သူတို့ထံမှ သိရသည်။

    “ပြောင်းရွှေ့လာသူတွေ များလာလို့ တိုက်ခန်းလွတ်တာ နည်းသွားပြီး။ အဲကြောင့် ဈေးက သိသိသာသာ မြင့်တက်လာတယ်။ အိမ်တွေကလည်း ရှာရတာ ခက်လွန်လို့၊ ဖြစ်ပုံက အဲပြောင်းရွေ့လာသူတွေက တချို့ဆို အိမ်ငှားတာ မဟုတ်ဘူး။ အိမ်ကိုတောင် ဝယ်နေကြတယ်။ အရင်က အိမ်တွေ၊ တိုက်ခန်းတွေက တစ်သိန်းကျော်ဆို ကောင်းကောင်းရတယ်။ အခုက မလွယ်တော့ဘူး။ အရင်က ကျိုက်မရောက ဓမ္မသဘက်က လူတွေ ဝင်ရောက်တာများတယ်။ အခုက ရေးဘက်က လူတွေလည်း ရောက်လာနေကြတယ်” ဟု တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ပြောသည်။

    မော်လမြိုင်မြို့တွင် ယခင်က အိမ်ငှားရမ်းခ ကျပ် ၁ သိန်း၊ ၁ သိန်းခွဲသာရှိရာမှ ယခုအခါ ကျပ် ၃ သိန်း၊ ၃ သိန်းခွဲအထိ ‌စျေးတက်လာကြောၚ်း၊ တိုက်ခန်းငှားခလည်း ယခင်က ကျပ် ၈၀၀၀၀ ရှိရာမှ ယခုအခါ တိုက်ခန်းတစ်ခန်း ကျပ် ၂ သိန်းနှင့် ၂ သိန်းခွဲကြား ‌စျေးရှိနေသည်ဟု သိရသည်။

    မြို့ပေါ်သို့ ပြောင်းရွှေ့လာသူများလာသည့်အပေါ်ပိုင်ရှင်နှင့် ပွဲစားတို့က အခွင့်ကောင်းယူပြီး အိမ်ငှားရမ်းခ အဆမတန် စျေးတင်လာသည်ဟု မြို့ခံတို့က ပြောသည်။

    လက်ရှိတွင် ရေး-ထားဝယ်ကားလမ်းတလျှောက် နေ့စဉ်နီးပါးတိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးပိုမိုပြင်းထန်လာမည်ကို စိုးရိမ်သည့်အတွက် ဒေသခံပြည်သူအများအပြား အိုးအိမ်စွန့်ခွာပြီး မော်လမြိုင်မြို့ပေါ်သို့ တိမ်းရှောင်လာကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks