Monday, March 9, 2026
More
    spot_img
    Homeသတင်းဝင်ငွေအခွန်ဆောင်ရန် မြန်မာသံရုံးတို့ အတင်းကြပ်ဖိအားပေးနေ

    ဝင်ငွေအခွန်ဆောင်ရန် မြန်မာသံရုံးတို့ အတင်းကြပ်ဖိအားပေးနေ

    -

    စစ်ကောင်စီမှ ပြည်ပရောက် မြန်မာလုပ်သားတို့ ဝင်ငွေအခွန် ပုံမှန်ပေးဆောင်ရန် မကြာခဏထုတ်ပြန် ပြောဆိုနေသည့်အပြင် မြန်မာသံရုံးတို့မှလည်း အတင်းအကြပ်ဖိအားပေးလာသည်ဟု ပြည်ပရောက်မွန်လူငယ်တို့မှ သိရသည်။

    မြန်မာသံရုံးသို့ ပက်စပိုစ်သက်တမ်းတိုးရာတွင်ဖြစ်စေ သံရုံးကိစ္စရပ်များကို ဆောင်ရွက်ရာတွင်ဖြစ်စေ သံရုံးတာဝန်ရှိသူတို့မှ မိသားစုထံ တရားဝင်ငွေလွှဲခြင်းရှိမရှိ စစ်ဆေးမေးမြန်းခြင်း၊ ဝင်ငွေခွန်ကပ်ပြားလက်မှတ်မရှိလျှင် ပြည်ဝင်ခွင့်ပိတ်ပင်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုမှုတို့နှင့် ရင်ဆိုင်နေရသည်ဟု စင်ကာပူရောက် မွန်လူငယ်တစ်ဦးက ဆိုသည်။

    "အခွန်ငွေ ၂၅ % ကို မဆောင်ရင် သူတို့က ပတ်စ်ပို့စ်သက်တမ်းမတိုးပေးဘူး။ ပြန်ခွင့်လည်း တင်းကြပ်မယ်လို့ပြောထားတယ်။ ခုဆို နိုင်ငံရေးကမကောင်းတော့ ကျွန်တော်တို့လဲမပေးရသေးဘူး။ ဒါပေမဲ့ သူတို့က အစိုးရလေ မပေးလို့လဲ မရပြန်ဘူး။ နောက်တစ်ခုကတော့ အခွန်ဆောင်လက်မှတ် ၂၅% မပြပေးနိုင်ရင် သူတို့ပေးမထွက်ဘူးတဲ့။ အဲဒီတော့ ပေးမှဖြစ်တော့မယ်ထင်တယ် ” ဟု ဆိုသည်။

    ပြည်ပရောက် မြန်မာလုပ်သားတို့ မိသားစုထံ ငွေလွှဲပို့စာရင်းနှင့်ပတ်သတ်၍ စစ်ကောင်စီမှ အေဂျင်စီတို့ထံ ပြီးခဲ့သည့်ဇွန်လမှစ၍ စာရင်းတောင်းယူနေသည့်အပြင် အထူးသဖြင့် အလုပ်သမားမိသားစုထံ တရားဝင်ငွေလွှဲမလွှဲသိရှိရန်နှင့် တရားဝင်ငွေပို့ရန် ဖိအားပေလုပ်ဆောင်လျှက်ရှိသည်ဟုလည်း သိရသည်။

    လက်ရှိပြန်ပရောက် မွန်လူငယ်လုပ်သားတို့အနေဖြင့် ပြည်ဝင်ခွင့်မရမည့်အပြင် ပက်စပိုစ်သက်တမ်းမတိုးနိုင်မည်ကို စိုးရိမ်နေခြင်းကြောင့် ဝင်ငွေအခွန်ဆောင်နေရသည်ဟု အခြားပြည်ပရောက် မွန်လူငယ်တစ်ဦးက ဆိုသည်။

    “လမိုင်းမြို့က လူငယ်တစ်ယောက်ဆို ပြည်ပြန်ခွင့် ပိတ်သွားမှဆိုလို့ အခွန်သွားဆောင်ဖူးတယ်။ အဲဒီတော့သံရုံးက တစ်လကို စင်ကာပူ ၈ ဒေါ်လာယူတယ်။ ၈ ဒေါ်လာက ၆လစာယူတယ်။ အခွန်မဆောင်ခင် ၆ လစာအတွက်ပေါ့။ ပြီးရင် လစာဝင်ငွေထဲမှ ၂၅ ရာခိုင် နှုန်းကို မိသားစုဝင်ထံ လစဉ် မဟုတ်ရင် ၃ လစာပေါင်းပြီး ၃ လတကြိမ် တရားဝင်လမ်းကြောင်းမှ လွှဲပို့ရမယ်၊ မလိုက်နာရင် ပြည်ပကို အလုပ်ထွက်လုပ်ခွင့် ၃ နှစ် ပိတ်သိမ်းမယ်ကိုလဲပြောသေးတယ်” ဟု တခြားလုပ်သားတစ်ဦးကပြောသည်။

    စစ်ကောင်စီအနေဖြင့် ပြည်ပရောက်အလုပ်သမားတို့ လစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ လွှဲပို့ရန်နှင့် လစာ၏ ၂ ရာခိုင်နှုန်းကို အခွန်ပေးဆောင်ရန် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း အဆိုပါထုတ်ပြန်ချက် ထပ်မံအသိပေးပြောဆိုနေသည်ဟု သိရသည်။

    ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို အဆင့်ဆင့် ဖွဲ့စည်းလာသည့်နောက် လူငယ်များ ပြည်ပသို့အလုအယက် ထွက်ခွာလာပြီး လူငယ်အများစု မြန်မာနိုင်ငံနှင့် နီးကပ်သည့် ထိုင်း၊ စင်ကာပူ၊ မလေးရှား နိုင်ငံတို့အပြင် ဥရောပနိုင်ငံများအထိ ထွက်ခွာခဲ့ကြသည်။

    အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်းကျယ်ပြန့်နေသည့် တိုက်ပွဲနှင့် ကျဆင်းလာသည့် တိုင်းပြည်စီးပွါးရေးတို့ကြောင့် ဘဏ္ဍာရေးအကြပ်အတည်းနှင့် ကြုံတွေ့နေရသည့် စစ်ကောင်စီသည် အခွန်မျိုးစုံတိုးမြှင့်ကောက်ခံလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks