spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းရက် ၁၂၀ စီမံကိန်းအတွင်း အထောက်အထားမဲ့ မြန်မာလုပ်သားတို့ကို တင်းကြပ်စွာ ဖမ်းဆီးနေဆဲ

    ရက် ၁၂၀ စီမံကိန်းအတွင်း အထောက်အထားမဲ့ မြန်မာလုပ်သားတို့ကို တင်းကြပ်စွာ ဖမ်းဆီးနေဆဲ

    -

    ထိုင်းနိုင်ငံအတွင်း တရားမဝင် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများဝင်ရောက်မှု များပြားနေခြင်းကြောင့် ထိုင်းအာဏာပိုင်တို့က ရက် ၁၂၀ စီမံကိန်းကာလအတွင်း တင်းကြပ်စွာ ဆက်လက်ဖမ်းဆီးနေဆဲဖြစ်သည်ဟု အလုပ်သမားအရေး ကူညီနေသူတို့မှ သိရသည်။

    တရားမဝင်အလုပ်သမားများ ဖမ်းဆီးနှိမ်နှင်းရေးလုပ်ဆောင်ရာတွင် ဇွန်လဆန်းပိုင်းမှ သြဂုတ်လ နှစ်လတာအတွင်း မြန်မာအလုပ်သမား တစ်သိန်းကျော် ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီး ၇၂၄ ဦး အရေးယူခံထားရသည်ဟု ထိုင်းသတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

    ဖမ်းဆီးခံရသူတို့သည် CI ကဒ် သို့မဟုတ် အလုပ်သမားကဒ် တစ်စုံတစ်ရာရှိပါက အလုပ်ရှင်တို့၏ အာမခံချက်ဖြင့် ငွေကြေးပေးဆောင်ကာပြန်လည်လွတ်မြောက်နိုင်သော်လည်း အထောက်အထားတစ်စုံတစ်ရာမရှိပါက လဝကရုံးမှတစ်ဆင့် မြန်မာနယ်စပ်ဘက်သို အလှည့်ကျ ပြန်လည်ပို့ဆောင်နေသည်ဟု အလုပ်သမားအရေး ကူညီနေသူတစ်ဦးကပြောသည်။

    “သူတို့ကအလုပ်အရဖမ်းတာ မဟုတ်ရင် ပြန်လွတ်ပေးဖို့ ငွေယူတာ နှစ်နည်းနဲ့လုပ်နေတာပေါ့နှစ်တိုင်းကတော့ ဘတ်မရိုက်ခင်သူတို့ဖမ်းပါတယ်၊ ဒီလိုတော့မတင်းကြပ်ခဲ့ဘူး။ တစ်ယောက်ဆိုဘတ် ငါးထောင်ကနေ သောင်းအထိ ပေးပြီးပြန်လွှတ်ပေးတယ်၊ ဘာအထောက်အထားမှ မရှိသူဆို သူဌေးကလည်း အာမခံအနေနဲ့ ထုတ်ပေးလို့မရဘူး၊ထုတ်ရင်အလုပ်ရှင်ပါထိမယ်။ ဈေးရောင်းနေတဲ့ သူတွေအစစ်ဆေး အဖမ်းခံရတာများတယ်။ နယ်စပ်ဘက်ကိုပြန်ပို့ပေးတယ် ” ဟု ဆိုသည်။

    ၎င်းအပြင် အဆိုပါ ၁၂၀ စီမံကိန်းတွင် အမြင့်ဆုံးပစ်ဒဏ်အနေဖြင့် ပြည်နှင်ဒဏ်အထိ ချမှတ်ခံရနိုင်သည်ဟုလည်း သိရသည်။ ပြည်တွင်း ပဋိပက္ခအခြေအနေ၊ မြန်မာကျပ်ငွေကြေးဖောင်းဖွမှုနှင့် နိုင်ငံအတွင်းအလုပ်အကိုင်နည်းပါးမှုကြောင်း အိမ်နီးချင်း ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မှုများပြားလျက်ရှိသည်။

    “ခိုးဝင်တာများတော့ သူတို့လည်းဖမ်းဆီးတာ ပိုလုပ်ရတာပေါ့၊ ဖမ်းဆီးတာ အတော်ကြာတော့ သိန်းနီးပါးလောက် အဖမ်းခံရတယ်၊ ဒီလိုလုပ်တာက သူတို့ချင်းညှိပြီး လုပ်တာလားမပြောနိုင်ဘူး။ အခုတလောအလုပ်ဆို သေချာသွား အလုပ်မသွားရဲကြတော့ ဆွေမျိုးမိတ်ဆွေထံတိမ်းရှောင်နေရတယ် ” ၎င်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူက ဆိုသည်။

    အထူးသဖြင့် မဟာချိုင်၊ ပထုံဌာနီ၊ စမွတ်ဆာခွန်၊ ချွန်ဘူရီ စသည့်နေရာများမှ အထောက်အထားမဲ့ မြန်မာစက်ရုံ၊ အလုပ်ရုံအလုပ်သမားများ ဖမ်းဆီးခံရမှုပိုများနေသည်ဟု ၎င်းကဆိုသည်။

    စစ်မှူးထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း မြန်မာနိုင်ငံသားအများစု ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာပြီး စာရွက်စာတမ်းအထောက်အထားမရှိသောကြောင့် ဖမ်းဆီးခံရသူများနေပြီး၊ ယခုနှစ်အတွင်း မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၆သန်းကျော်ရှိနေသည်ဟုလည်း သိရသည်။

    ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့မြန်မာနိုင်ငံအလုပ်သမားများအတွက် မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ်ရုံတို့ကို ထိုင်းအစိုးရမှ ပိတ်သိမ်းလိုက်သော်လည်း လက်ရှိတွင် စမွန်စခွန်ခရိုင် မဟာချိုင်တွင် CI စင်တာတစ်ခုဖွင့်လှစ်ထားဆဲဖြစ်ပြီး လာရောက်လုပ်ဆောင်သူများပြားလျှက်ရှိသည်ဟု သိရသည်။

    "ထိုင်းနိုင်ငံအတွင်းနေထိုင်သည့် နိုင်ငံခြားသားလုပ်သားများကို ဖမ်းဆီးစစ်ဆေးခြင်း စီမံချက်"(ခေါ်) ရက် ၁၂၀ စီမံကိန်းကို ဇူလိုင်လ ၅ ရက်နေ့က စတင်ခဲ့ပြီး မြန်မာလုပ်သားတို့အပြင်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် အခြားနိုင်ငံမှ အထောက်အထားမဲ့အလုပ်သမားများလည်း ဖမ်းဆီးခဲ့သည်ဟု ထိုင်းအလုပ်သမားရေးဌာနမှ ထုတ်ပြန်ထားချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks