spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းရေမြုပ်နေသည့် ကျိုက်မရောတွင် တစ်ပတ်ကြာလာသည့်အထိ ရေပြန်မကျသေး

    ရေမြုပ်နေသည့် ကျိုက်မရောတွင် တစ်ပတ်ကြာလာသည့်အထိ ရေပြန်မကျသေး

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာအချို့ ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး တစ်ပတ်ခန့်ကြာလာသည်အထိ ရေပြန်မကျသေးဘူးဟု ဒေသခံတို့ထံမှ သိရသည်။

    မိုးအဆက်မပြတ်ရွာသွန်းပြီး အတ္တရံမြစ်ရေမြင့်တက်လာသည့်အတွက် ဇူလိုင်လ ၂၅ ရက်နေ့ကစပြီး ကျိုက်မရောမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များနှင့် ချောင်းနှစ်ခွ၊ ငပြေမ၊ မယ်ကရို၊ ဦးလေး၊ နိတုံ၊ ကွမ်းငန်၊ အတ္တရံ၊ ပေါလောကုန်း၊ လှာကဇိုင်း၊ ကျိုက်မရန်၊ ကော့ကလော့၊ ပိန္နဲကုန်း အစရှိသည့် ကျေးရွာများ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။

    ရေမြုပ်နေသည်မှာ တစ်ပတ်ခန့်ကြာလာပြီးဖြစ်ကြောင်း၊ ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုမရှိသော်လည်း ရေပြန်ကျသွားခြင်း မရှိဘူးလို့ ကျိုက်မရောဒေသခံတို့က ပြောသည်။

    “မိုးကမရွာတော့ပေမယ့် ရေက တက်လာနေတုန်းပါပဲ။ ကျိုက်မရောဘက်က အဲလိုရေတက်ပြီး ပြန်မကျတာက ၂ နှစ်ခြား ၃ နှစ်ခြားတစ်ခါ အဲလို ဖြစ်လေ့ရှိတယ်။ ပုံမှန်တော့ ဖြစ်လေ့မရှိဘူး။ ကျမတို့ရွာကတော့ အရှေ့အနောက်ပိုင်းတော့ မမြုပ်ဘူး။ အလယ်ပိုင်းက နိမ့်လို့ မြုပ်နေဆဲပဲ။ ချောင်းနှစ်ခွဘက်လည်း မြုပ်နေဆဲပဲ” ဟု မယ်ကရိုကျေးရွာခံတစ်ဦးက ပြောသည်။

    ရေကြီးနစ်မြုပ်နေသည့်အတွက် ကျိုက်မရောမြို့နယ်ပေါ်က စာသင်ကျောင်းများအပါအဝင် စာသင်ကျောင်းပေါင်း ၂၅ ကျောင်းခန့် ပိတ်ထားရသည်လည်း ရှိသည်။

    ၎င်းပြင် ရေကြီးနစ်မြုပ်သည့်ရက်ကြာလာသည့်အတွက် သောက်သုံးရေ၊ အစားအသောက်နှင့် ဆေးဝါးလိုအပ်ချက်များရှိလာသည်ဟုလည်း ဒေသခံတို့က ပြောသည်။

    “နိမ့်တဲ့ဘက်တွေမှာတော့ မြုပ်နေဆဲပါပဲ။ ဦးလေးရွာတို့လို စာသင်ကျောင်းတွေဆိုရင် အခုထိ ပိတ်ထားရဆဲပဲလေ။ အဲဘက်က တချို့အိမ်တွေလည်း ရေမြုပ်နေတုန်း။ ခါတိုင်းဆို ဒီလိုမဖြစ်ဘူး။ ဒီနှစ်မှ ရေကကြီးပြီး ပြန်မကျတာ။ အရင်ကလည်း ဒီလိုဖြစ်ဖူးတယ်” ဟု ကော့ကလော့ကျေးရွာခံတစ်ဦးက ပြောသည်။

    အတ္တရံမြစ်ဘေးရှိ ကျိုက်မရောသည် လက်ရှိထက် ရေထပ်တက်လာနိုင်သည့်အနေအထားရှိနေသည်ဟု မိုးလေဝသစောင့်ကြည့်သူတစ်ဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “အတ္တရံမြစ်ကမ်းဒေသတွေဖြစ်တဲ့ ကျိုက်မရောမှာဆိုရင် ပိုအန္တရာယ်များတယ်။ ရေထပ်ပြီး တက်လာနိုင်သေးတယ်။ ကျိုက်မရောက သူက ဂျိုင်းမြစ်ရေလျှံနေတဲ့အတွက် ရေက ကျဖို့ လုံးဝမရှိဘူး။ မိုးကြီးလေ ရေတက်လာလေပဲ။ ကျိုက်မရောမြို့နယ်တစ်ဝိုက် ရေပြန်မကျတဲ့အကြောင်း ရင်းက သံလွင်မြစ်ရေစိုးရိမ်အမှတ်ထက်ကျော်လွန်ပြီး မြစ်ရေကျ နှေးကွေးနေတာကြောင့် သံလွင်မြစ်မှ ခွဲထွက်မြစ်ဖြစ်တဲ့ ဂျိုင်းမြစ်နဲ့အတ္တရံမြစ်ရေဟာ ကျဆင်းမှု နှေးကွေးတာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

    ဇူလိုင်လနောက်ဆုံးအပတ်ခန့်က မွန်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မော်လမြိုင်၊ ဘီးလင်း၊ သံဖြူဇရပ်၊ ကျိုက်ထို၊ ချောင်းဆုံ၊ မုဒုံ၊ ကျိုက်မရော၊ ရေးမြို့နယ်အတွင်းက ရပ်ကွက်၊ ကျေးရွာများ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။

    လက်ရှိတွင် မွန်ပြည်နယ်နေရာအများစုက ရေပြန်ကျသွားသော်လည်း ကျိုက်မရောမြို့နယ်အတွင်း ရေပြန်မကျပဲ ရေနေ့စဉ်တိုးလာနေသည့်အနေအထားရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks