Home သတင်း ရေကြီးနစ်မြုပ်ခဲ့သည့် ပဲခူးမြို့တွင် ကလေးအပါအဝင် (၄)ဦး အထိသေဆုံး

ရေကြီးနစ်မြုပ်ခဲ့သည့် ပဲခူးမြို့တွင် ကလေးအပါအဝင် (၄)ဦး အထိသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇွန်လ ၂၆ ရက်နေ့မှ ယနေ့အထိ ရေကြီး ရေလျှံမှုဖြစ်ပွားလျှက်ရှိပြီး ရေဘေးကြောင့် အသက် ၈ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် (၄) ဦး သေဆုံးခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းမြစ်တို့မှ သိရသည်။

ဇူလိုင်လ ၃၀ ရက်နေ့တွင် ပဲခူးမြို့ဇိုင်းဂနိုင်းရပ်ကွက်နေ အသက် ၁၆ နှစ်ဝန်းကျင်ကျောင်းသားတစ်ဦး ဓာတ်လိုက် သေဆုံးသွားသည့်အပြင် ထိုနေ့တွင်ပင် အသက် ၈ နှစ်အရွယ်ကလေးတစ်ဦးနှင့် ဇူလိုင် ၃၁ တွင် အမျိုးသား တစ်ဦးအပါအဝင် စုစုပေါင်း ၄ ဦးအထိ သေဆုံးမှု ရှိခဲ့သည်ဟု သိရသည်။

ပဲခူးမြို့တွင် မိုးရွာသွန်းမှုနည်းလာသော်လည်း ယမန့်နေ့ သြဂုတ် (၂) ရက်အထိ ရေပြန်လည်လျော့ကျသွားခြင်းမရှိသောကြောင့် ပဲခူးအနောက်ခြမ်း မြို့ပေါ်ရှိနေအိမ်တို့ နစ်မြုပ်နေဆဲဖြစ်ပြီး ရေဘေး ဒေသခံအများစု ကယ်ဆယ်ရေးစခန်းတွင်သာ ရှိနေဆဲဖြစ်သည်ဟု ပဲခူးမြို့မွန်စုမှရပ်ကွက်မှ ကူညီကယ်ဆယ်နေသူတစ်ဦးက ဆိုသည်။

“ကျတော်တို့သိထားသလောက်က ၄ယောက်ပေ့ါဆုံးသွားတာ၊ ၃၀ ရက်နေ့က ၁၆ နှစ်ကျောင်းသား ၁ယောက်က မီးတိုင်ကကြိုးတွဲကျတော့ သူစက်ဘီးတွန်းလာရင်း ဓာတ်လိုက်ဆုံးတာ၊ ၈ နှစ်အရွယ် ၁ ယောက်က (ရေစီးသန် ချိန်မှာ)မျောသွားတာ၊မနေ့ကတစ်ယောက်မူးတော့ ရေနစ်သွားတာ၊ ၃၃နှစ်အရွယ်က သူ့ဘာ သူခုန်ချတာ ” ဟု ၎င်းကဆိုသည်။

ပဲခူးမြို့အဓိကရေလှောင်ဆည်ဖြစ်သည့် ဇောင်းတူးဆည်ကို သြဂုတ် ၃၀ ရက်နေ့တွင် ဖောက်ထားသည့်နောက် ရေအနည်းငယ်လျော့ကျသွားသော်လည်း အနိမ့်ပိုင်းရပ်ကွက်တို့ဖြစ်သည့် သနပ်ပင်မြို့နယ်ရှိ ကျောက်ကြီးစု ၊ ရွာသစ် ၊ ဇိုင်းကနိုင်၊ ကလျာဏီကျေးရွာတို့တွင် ရေကြီးနေဆဲဖြစ်သည်ဟု ဆိုသည်။

“ ၁ ပေလျော့ကျသွားတယ်။ ပဲခူးမြို့ အရှေ့မှုန်တိုင်းရွာဘက် ပဲခူးမြစ်မှာဖောက်ချထားလို့ ရေနည်းနည်းကျသွားတာ အဲ့လိုမလုပ်ရင် မနှစ်ကလို တမံကရေလျှံကျရင် အရှေ့ဘက်ခြမ်း တစ်ခုလုံး ရေမြုပ်သွား နိုင်တယ်။ နေအိမ်မပေါ်နေသေးဆိုတော့ မပြန်ကြသေးဘူး၊ ခေါင်းဆေးကျွန်းဘက်ဆိုဖြတ်မရနေတာ ၂၈ ရက်နေ့ကတည်းက ” ဟု ၎င်းကဆက်ပြောသည်။

ထို့ပြင် အမြန်လမ်း ၃၉ မိုင်မှ ဘုရားကြီးသွားရာလမ်း ဘောနက်ကြီးဂိတ်အနီးတွင် ရေကြီးနေဆဲဖြစ်သည့်အတွက် ကားသေးများသွားလာရန်ခက်ခဲနေဆဲဖြစ်ပြီး ပဲခူး- ရန်ကုန် လမ်းဟောင်းရှိ ပဲခူးမြို့လမ်းပိုင်းနှင့် မြို့လယ်လမ်းပိုင်းတို့တွင်လည်း ရေကျော်နေခြင်းကြောင့် မြို့ရှောင်လမ်းမှတစ်ဆင့် သွားလာနေရသည်ဟု သိရသည်။

ပဲခူးမြို့တွင် ဇူလိုင်လ ၂၈ ရက်ညပိုင်းအထိ ရပ်ကွက် ၁၃ ခုနှင့် ကျေးရွာ ၄ ခုတို့တွင် ယာယီစစ်ရှောင်စခန်း ၂၇ ခုအထိ ဖွင့်လှစ်ထားပြီး အိမ်ခြေ ၆၂၀၀၊ အိမ်ထောင်စု ၆၂၅၀ ကျော်ရှိ လူဦးရေ ၂၅၀၀၀ ကျော် ရေဘေးရှောင် နေရသည်ဟု စစ်ကောင်စီ၏ ပဲခူးတိုင်းအစိုးရအဖွဲ့မှ ထုတ်ပြန်ထားချက်အရ သိရသည်။

ပဲခူးတိုင်းအပြင် လက်ရှိရေကြီးရေလျှံမှု ဖြစ်နေသည့် ကရင်ပြည်နယ်တွင်လည်း ဇူလိုင်လ ၂၆ နှင့် ၂၇ ရက်နေ့တွင်လည်း ရေကြီးရေလျှံမှုဖြစ်ကာ ကလေးအပါအဝင် လူ ၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး ပျောက်ဆုံးသူတို့လည်းရှိနေသည်ဟု ရေဘေးကူညီကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.