စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ထံ ပါတီမှတ်တင်လျှောက်ထားသည့် မွန်ညီညွတ်ရေးပါတီ (MUP) သည် တစ်နှစ်ကျော်ကြာလာသည်အထိ ပါတီမှတ်ပုံတင် မကျသေးဟု ပါတီခေါင်းဆောင်တို့ထံမှ သိရသည်။
ပါတီမှတ်ပုံတင်မကျသေးသည့်ကိစ္စနှင့် ပတ်သက်ပြီး UEC ထံ ဖုန်းဆက်သွယ်မေးမြန်းရာတွင် စိစစ်နေဆဲဟုသာ ပြောဆိုကြောင်း၊ မည်သည့်အကြောင်းကြောင့် ကြန့်ကြာနေသည်ဆိုတာကို မသိရှိရကြောင်း MUP ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက ပြောသည်။
“မှတ်ပုံတင်ထားတာက တစ်နှစ်တောင်ကျော်နေပြီလေ၊ အခုထက်ထိတော့ မကျသေးဘူး။ ဘယ်လိုအခြေအနေကြောင်းတော့ ကျနော်တို့လည်း မပြောတတ်ဘူး။ ကော်မရှင်ကလည်း စိစစ်နေတာ ကြာပြီ အခုတစ်နှစ်လောက်ရှိပြီပေါ့။ ဘာကြောင့်လဲတော့ ကျနော်တို့လည်း မသိနိုင်ဘူး။ ကျနော်တို့ ပထမတော့ တင်ထားပြီးတော့ ၃ လလောက်မှာ တယ်လီဖုန်းနဲ့ မေးကြည့်တာ စိစစ်နေတုန်း၊ နောက်ပြီးတော့ ကျနော်တို့ စာတင်ပြီးတော့ မေးကြည့်တာ စိစစ်နေတုန်းပဲ၊ အဲဒီလောက ထိပဲ သိတယ်၊ အခုထက်ထိ ကျနော်တို့လည်း မမေးတော့ဘူးလေ၊ အဲဒီတော့ အခြေအနေက ဘယ်လိုလည်းတော့ မသိဘူး။ အခုထက်ထိတော့ မှတ်ပုံတင်တော့ မကျသေးဘူး” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ UEC က နိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံရေးပါတီများ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ရမည်ဟု ပါရှိသည်။ ယင်းနောက် တိုင်းရင်းသားနိုင်ငံရေးပါတီများအပါအဝင် ပြည်မရှိ ပါတီအများအပြား ပြန်လည်၍ မှတ်ပုံတင်ခဲ့ကြသည်။
မှတ်ပုံတင်သည့် နိုင်ငံရေးပါတီများကို စစ်ကောင်စီ UEC က မှတ်ပုံတင်ချပေးနေသည်ရှိသလို ရခိုင်အမျိုးသားပါတီ (ANP)၊ ကချင်အမျိုးသား ကွတ်ကရတ်ပါတီ (KNC) တို့လို အင်အားကြီး တိုင်းရင်းသားပါတီအချို့ကို ပါတီမှတ်ပုံတင်လျှောက်ထားခွင့် ငြင်းပယ်လိုက်သည်။ စစ်ကောင်စီလက်အောက်ခံ UEC က တိုင်းရင်းသားအင်အားကြီးပါတီများအပေါ် ပါတီမှတ်ပုံလျှောက်ထားခွင့် ငြင်းပယ်နေသည့်အပေါ် ဝေဖန်မှုများလည်း ရှိနေသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက စစ်ကောင်စီအနေဖြင့် အမြင်ကျဉ်းမြောင်းသည့် အခြေအနေကို တွေ့ရကြောင်း၊ နိုင်ငံရေး အင်အားစုများကို စည်းရုံးရမည့်အစား တစ်ဖက်သို့ တွန်းထုတ်သလိုဖြစ်နေကြောင်း ဝေဖန်ပြောဆိုသည်။
“ဒီမိုကရေစီ ကျင့်စဉ်အရ ရွေးကောက်ပွဲတို့ နိုင်ငံရေးပါတီတို့က ရှိကောင်းရှိရမယ့်ဟာ သို့သော်လည်းပဲ၊ အမြင်ကျဉ်းကျဉ်းနဲ့ ဒီပါတီဟာ ဒီလူမျိုးပဲ၊ ဒီလူမျိုးဆို တို့နယ်မြေတွေသိမ်းထားတာ သူတို့ပဲ စသည်အားဖြင့်ပေါ့ဗျာ၊ အဲဒီလို ရန်ငါစည်း သဘောမျိုးလုပ်ပြီးတော့ မွန်တို့ နောက်ကချင်ကိုလည်း မပေးတာ ရှိတယ်ဗျ၊ တစ်ဖွဲ့ရှိတယ်၊ အဲဒီလိုလုပ်နေပါလားလို့ ကျနော်ယူဆတယ်၊ အဲဒီလို လုပ်နေရင်တော့ လက်ရှိ နေပြည်တော်ခေါင်းဆောင်တွေ နည်းနည်းကျဉ်းတဲ့သဘောလို့ ကျနော်ယူဆတယ်ဗျ၊ အမြင်ကျယ်ကျယ်နဲ့ဆိုရင် ဒါတွေက ကိုယ့်ဖက်ကိုလာမယ်၊ ကိုယ်နဲ့ ပူးပေါင်းဆောင ရွက်မယ်၊ ရွေးကောက်ပွဲမှာ ပါချင်လို့ ဒီမိုကရေစီကို ပြန်ဖော်ချင်လို့ စဉ်းစားတယ်ဆိုရင် ကိုယ့်ဖက်ကိုလာတဲ့ အင်အားစုကို ကိုယ်က ဆွဲယူရမှာပေါ့။ အဲဒီလို မဆွဲယူပဲနဲ့ ပြန်တွန်းထုတ်တဲ့အခါကြတော့ လူမျိုးရေးက တိုက်တာရော မတိုက်တာရော ပြန်ပေါင်းစည်းမိသွားရင် ပိုပြီးတော့ ညီညွတ်ရေး တည်ဆောက်ဖို့ ပိုခက်သွားနိုင်တာပေါ့၊ ကျနော်အဲဒီလို မြင်ပါတယ်” ဟု ဆိုသည်။
လက်ရှိတွင် မွန်ညီညွတ်ရေးပါတီ အနေဖြင့် ပါတီမှတ်ပုံတင် မကျသေးသော်လည်း ပါတီလုပ်ငန်းစဉ်များ ယခင်အတိုင်း လည်ပတ်နေကြောင်း နိုင်သန်းရွှေက ပြောသည်။ စစ်ကောင်စီက ယခုနှစ် အောက်တိုဘာလအတွင်း လူဦးရေနှင့် သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ပြီး လာမည့် ၂၀၂၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောဆိုထားသည်။