မွန်ပြည်နယ်၊ သထုံခရိုင် ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်း အရပ်သား ၉ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိသည်ဟု KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး ပြည်သူလူထုများ နေထိုင်ရာကျေးရွာများအတွင်းနှင့်လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေသည်ဟုလည်း ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ကျောက်တန်းလေးရွာအနီး စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြား နံနက် ၉ နာရီအချိန်ခန့်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျိုက်ထိုတွင် တပ်စွဲထားသည့် စစ်ကောင်စီ အမှတ်-(၆၀၂) ဒုံးတပ်ရင်းမှ ပျဉ်ကတိုးကုန်းရွာထဲ လက်နက်ကြီး(ဟောင်ဝစ်ဇာ) ၄ လုံး ပစ်ခတ်ခဲ့သည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၈ နှစ်ရှိ စိုးထက်ပိုင်နှင့် ချစ်ကို၊ အသက် ၁၉ နှစ်ရှိ ငြိမ်းချမ်းအောင်၊ အသက် ၂၉ နှစ်ရှိ ထွန်းထွန်းဝင်း အသက် ၂၀ နှစ်ရှိ အောင်ဇင်ထွေး၊ အသက် ၂၄ နှစ်ရှိ အောင်ဆန်းမင်းနှင့် ချစ်သဲဆိုသူတို့ သေဆုံးသွားခဲ့ပြီး အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၅ ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။
ထိခိုက်သေဆုံးသူများသည် ရွှေတွင်းအလုပ်သမားများဖြစ်ကြပြီး ကျောက်တန်းလေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားသောကြောင့် မြို့သို့ တိမ်းရှောင်ရန် ထွက်လာစဉ် ပျဉ်ကတိုးကုန်းရွာအရောက်တွင် ၎င်းတို့အနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲသွားခဲ့ခြင်းဖြစ်သည်။
ဇူလိုင်လ ၂၂ ရက်နေ့ကလည်း သိမ်ဇရပ်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အမှတ် (၃၁၀) အမြောက်တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လက်နက်ကြီးသည် သိပ်ဇရပ် ရွာလေးရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၄၇ နှစ်ရှိ ကိုလေးစစ်သူ၊ အသက် ၄၅ နှစ်ရှိ ကိုယ်ဝန်ဆောင် မကြည်ကြည်လင်းတို့ ကျည်ထိမှန် သေဆုံးသွားခဲ့ပြီး အသက် ၄၁ နှစ်ရှိ မယဉ်ဝေလွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။