ပဲခူးတွင် မီးရထားလမ်း ရေကျော်နေသည့်အတွက် ရန်ကုန်-မော်လမြိုင်၊ မော်လမြိုင်ရထားခရီးစဉ်များ ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့ကစပြီး ယာယီဖျက်သိမ်းထားမည်ဟု မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားသည်။
ရထားသံလမ်းပေါ် ရေကျော်နေပြီး ရထားများဖြတ်သန်း၍ မရသည့်အတွက် မော်လမြိုင်ဘူတာမှ ထွက်ခွာမည့် အမှတ် (၈၂) အစုန်ရထားနှင့် ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် (၈၁) အဆန်ရထား ခရီးစဉ်မျ ယာယီဖျက်သိမ်းထားမည်ဟု ဆိုသည်။
“လတ်တလော ပဲခူးမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေလို့ ရထားလမ်းတွေပါ် ရေကျော်နေတဲ့အတွက် ရထားခရီးစဉ်တွေကို ယာယီဖျက်သိမ်းထားရပါတယ်။ ရထားခရီးစဉ်တွေ ပြန်လည်ပြေးဆွဲပေးမယ့်ရက်ကို အသိပေး ထုတ်ပြန်ပေးသွားပါ့မယ်” ဟု မော်လမြိုင်ဘူတာကြီး တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရထားခရီးစဉ်များ ဖျက်သိမ်းထားသည့်အတွက် ဝယ်ယူထားသောလက်မှတ်များ မော်လမြိုင်ဘူတာကြီး နေ့ချင်းလက်မှတ်ရုံတွင် နံနက် ၆ နာရီမှ ၁၀ အထိ ငွေပြန်အမ်းသွားပေးမည်ဖြစ်ကြောင်းလည်း မော်လမြိုင်ဘူတာကြီးက ကြေငြာထားသည်။
မိုးသည်းထန်စွာရွာသွန်းပြီး ပဲခူးမြစ်ရေတိုးလာသည့်အတွက် ပဲခူးတစ်မြို့လုံးနီးပါး ရေကြီးရေလျှံမှုဖြစ်ပွားနေသည်။
ရေကြီးရေလျှံနေသည့်အတွက် ပဲခူး-ရန်ကုန်ကားလမ်းပိုင်းလည်း အသွားအလာပိတ်ထားရသည်ဟု သိရသည်။
