spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းလုပ်သားရှားပါးခြင်းကြောင့် မိုးစပါးတောင်သူတို့ လုပ်ငန်းပြီးစီးရန်ကြန့်ကြာနေ

    လုပ်သားရှားပါးခြင်းကြောင့် မိုးစပါးတောင်သူတို့ လုပ်ငန်းပြီးစီးရန်ကြန့်ကြာနေ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ၂၂ ဇူလိုင် ၂၀၂၄။

     မိုးစပါးရာသီတွင် မွန်ပြည်နယ်အတွင်း လာရောက်လုပ်ကိုင်ကြသည့် ရွေ့ပြောင်းလုပ်သားအပြင်၊ ရွာခံလုပ်သားတို့ကိုခေါ်ယူရန်ခက်ခဲနေခြင်းကြောင့် မိုးစပါးစိုက်တောင်သူတို့  ကောက်စိုက်ချိန်နောက်ကျပြီး လုပ်ငန်းပြီးစီးရန် ကြန့်ကြာနေသည်ဟု သိရသည်။

    ယခုနှစ်တွင် မိုးစပါးစိုက်စရိတ်ကြီးပြီး ကျွမ်းကျင်လုပ်သားခေါ်ယူရန်ခက်ခဲခြင်းကြောင့် ကြဲခင်းစနစ်ဖြင့်လုပ်ငန်းလုပ်ကိုင်သူများသော်လည်း မြေအမျိုးအစားအပေါ်မူတည်ပြီး ပျိုးခင်းဖြင့်စိုက်ပျိုးမည့်လယ်တို့တွင် လုပ်သားရှားပါးလျှက်ရှိသည်ဟု သိရသည်။

    ပုံမှန်အားဖြင့်  မိုးစပါးတောင်သူတို့သည် ဇွန်လကုန်ပိုင်းတွင် မိုးစပါးစိုက်ပျိုးမှု ပြီးစီးသော်လည်း လက်ရှိဇူလိုင်လ တတိယအပတ်အထိ မိုးစပါးစတင်မလုပ်ကိုင်ရသေးကြောင်း ချောင်းဆုံမြို့နယ်မှ မိုးစပါးတောင်သူတစ်ဦးက ဆိုသည်။

    “ဒီနှစ်ကကောက်စိုက်သူတွလည်းမရှိ အထက်ပိုင်းကလူတွေလည်းမလာ။ ရွာခံတွေကလည်း မရှိ။ ဦးတို့ ကောက်စိုက်ဖို့ပျိုးပင်တွေအဆင်သင့်ဖြစ်ပေမဲ့လည်း လူရှာမရတော့ လုပ်ငန်းမလုပ်ရသေးဘူး။ သူများတွေပြီးကုန်မှ ဦးတို့ဆီကိုလာဖို့ပြောထားတယ်။ ကြဲခင်းမလုပ်တဲ့သူတွေအကုန်လုံးက ခက်ခဲနေတာပဲ ” ဟုဆိုသည်။

    စစ်မှုထမ်းဥပဒေနှင့် ပြည်နယ်အတွင်း တိုက်ပွဲတို့ကြောင့်အပြင် လုံခြုံရေးကိစ္စအရပ်ရပ်ကြောင့် ယခင် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းမှလုပ်သားများ ဝင်ရောက်မှုနည်းပါးလျှက်ရှိသည်။

    ယခင်နှစ် မိုးစပါးစိုက်တောင်သူတစ်ဦးလျှင် နေ့စားစရိတ် ၁၂၀၀၀ ကျပ်ပေးဆောင်ကာ ခေါ်ယူငှားရမ်းနေသော်လည်း ယခုနှစ်တွင် ၂၀၀၀၀ ကျပ်အထိ တိုးမြင့်ပေးထားသော်လည်း လုပ်ကိုင်သူမရှိခြင်းကြောင့် သထုံ၊ ဘီးလင်း၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် မိုးစပါးစိုက်ခင်းများကို လျှော့ချစိုက်ပျိုးထားကြောင်း ဒေသခံများမှ သိရသည်။

    ဒါ့အပြင် လုပ်သားရှားပါးမှုကြောင့် ကြဲခင်းစနစ်ဖြင့် အဓိကစိုက်ပျိုးထာသည့် မုဒုံဒေသမှလယ်တို့တွင်  စပါးအပျက်အစီးများသည်ဟုလည်း မုဒုံမှ တောင်သူတစ်ဦးက ဆိုသည်။

    “ကြဲခင်းစပါးပြီးမြန်တယ် လူအင်အားများများစားစားမလိုဘူး။ ဒါပေမဲ့ သူကအပျက်အစီးများတယ် ပြန်လည် ပြုပြင်ရတာလည်းများတယ်။ အခုအခြေနဲ့ဆိုရင် စပါးပိုးကိုက်တာလည်းထိတယ်။ ခရုလည်းစားတယ်။ ပြီးတော့ဒီနှစ်မိုးနဲ့ဆိုရင် စပါးသေဖို့လည်းများတယ်။” ဟုဆိုသည်။

    လုပ်သားရှားပါးမှုအပြင် ယခင်နှစ်က ရာသီဥတုဒဏ်ကြောင့် မိုးစပါးသုံးကြိမ်တိတိပျက်စီးခံခဲ့ရခြင်းကြောင့် မွန်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးမှု လျော့နည်းလာခဲ့သည်။

    မွန်ပြည်နယ်တွင် မိုးစပါးကို နှစ်စဉ်မေလလယ်မှ ဇူလိုင်လဆန်းပိုင်းအထိစိုက်ပျိုးကြပြီး ယခုနှစ်တွင် စိုက်ပျိုးမှုနောက်ကျပြီး မိုးစပါးစိုက်ဧကများ၏ ၈၀ ရာခိုင်နှုန်းသည် ကြဲခင်းများဖြစ်ခြင်းကြောင့် စပါးထွက်နှုန်းနည်းပြီး ဆန်ဈေးနှုန်းထပ်မံမြင့်တက်လာနိုင်ကြောင်း စပါးကုန်သည်တို့က သုံးသပ်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks