spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းခလော့ဂနီဒုက္ခသည်စခန်းရောက် ရေဖြူစစ်ရှောင်များအတွက် ရေရှည်နေထိုင်နိုင်ရန် စီစဉ်ထားဟုဆို

    ခလော့ဂနီဒုက္ခသည်စခန်းရောက် ရေဖြူစစ်ရှောင်များအတွက် ရေရှည်နေထိုင်နိုင်ရန် စီစဉ်ထားဟုဆို

    -

    ထိုင်းနယ်စပ်ရှိ ခလော့ဂနီ မွန်ဒုက္ခသည်စခန်းသို့ ရောက်ရှိနေသည့် ရေဖြူဒေသက စစ်ဘေးရှောင်များအတွက် ရေရှည်နေထိုင်သွားနိုင်ရန် စီစဉ်ထားသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် အဖွဲ့အစည်းတို့က ပြောသည်။

    ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က ရေဖြူမြို့နယ်၊ မျောက်ချောရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ထောင်နှင့်ချီသည့်ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ လူဦးရေ ၁၄၀ ကျော်က ထိုင်းနယ်စပ်ရှိ ခလော့ဂနီ မွန်ဒုက္ခသည်စခန်းသို့ ရောက်ရှိလာခဲ့သည်။

    ခလော့ဂနီ မွန်ဒုက္ခသည်စခန်းသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို မွန်ပြည်သစ်ပါတီ၊ မွန်စစ်ဘေးရှောင် ကူညီရေးအဖွဲ့အစည်း၊ မွန်အမျိုးသားကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးဌာန၊ မွန်အရပ်ဖက်အဖွဲ့အစည်းတို့က ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

    “ရေရှည်အသက်မွေးဝမ်းကျောင်းအတွက် စိုက်ပျိုးရေးနဲ့မွေးမြူးရေးလုပ်ငန်းကို အဓိကထားပြီး ကူညီဆောင်ရွက်ပေးသွားဖို့ စီစဉ်ထားတယ်။ မွေးမြူးရေးလုပ်ငန်းထဲက ကြက်၊ဝက်နဲ့ ဆိတ်မွေးမြူးရေးနဲ့ပတ်သက်ပြီး သူတို့ရဲ့ရေရှည် အသက်မွေးဝမ်းကျောင်းတစ်ရပ်အဖြစ် ပညာပေးအစီအဉ်အပါအဝင် ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ အစီအစဉ်တွေအားလုံးကို ကူညီထောက်ပံ့ပေးသွားမှာပေါ့” ဟု အကူအညီပေးနေသူတစ်ဦးက ပြောသည်။

    ထိုင်းနယ်စပ် ခလော့ဂနီ မွန်ဒုက္ခသည်စခန်းသို့ ထွက်ပြေးတိမ်းရှောင်လာသည့် ရေဖြူဒေသခံ ၁၄၀ ကျော်အနက် အချို့က နေရပ်ပြန်သွားကြသော်လည်း လက်ရှိတွင် စခန်၌ လူဦးရေ ၁၀၀ ကျော်ကျန်ရှိနေဆဲဖြစ်သည်။

    ခလော့ဂနီဒုက္ခသည်စခန်းသို့ ထွက်ပြေးလာကြသူအများစုသည် နေအိမ်မီးလောင်ပျက်စီးသွားသူအများစုပါဝင်ပြီး နေရပ်ပြန်ပါကလည်း နေစရာအိမ်မရှိတော့သည့်အတွက် ခလော့ဂနီစခန်းတွင်သာ ဆက်လက်နေထိုင်သွားကြမည့်အခြေအနေရှိနေသည်။

    “ဒီစခန်းကို စစ်ပြေးရှောင်လာတဲ့သူထဲက မိသားစု ၄ စု၊ စုစုပေါင်းလူဦးရေ ၁၂ ယောက်က နေရပ်ပြန်သွားတာ ရှိတယ်။ အဲကြောင့် လူ ၁၂ ယောက်လောက် လျော့သွားတယ်။ လောလောဆယ် ၁၁၃ ယောက် ကျန်နေသေးတယ်။ ဒီစစ်ပြေးရှောင်စခန်းထဲက တစ်ချို့မိသားစုတွေကို ကျေးရွာထဲက လူမရှိတဲ့အိမ်တွေမှာ ထားထားတာရှိတယ်။ တစ်အိမ်ကို တစ်မိသားစုလည်း ရှိတယ်။ နှစ်မိသားစု၊ သုံးမိသားစုကို တစ်အိမ် ထားထားတာလည်း ရှိတယ်။ လောလောဆယ် သူတို့ စားဖို့သောက်ဖို့က ကူညီပေးနေဆဲပါပဲ” ဟုလည်း အထက်ပါ အကူအညီပေးနေသူက ဆက်ပြောသည်။

    ရေဖြူမြို့နယ်၊ မျောက်ချောရွာအနီးတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မျောက်ချော၊ မိတ်ဇိတ်၊ ရုန်းပိုင်း၊ ကျောင်းဒုံး၊ မရော့ချိုင်း၊ နဂါးအိုင်ကျေးရွာမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

    လက်ရှိတွင် ဒေသတွင်း စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည့် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားပြီးနောက် မျောက်ချော၊ မရော့ချိုင်း၊ နဂါးအိုင်က ဒေသခံများ နေရပ်ပြန်လာနေကြသော်လည်း နေရပ်မပြန်နိုင်သေးသည့်ဒေသခံလည်း အများအပြားရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks