spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းကော့ဗိန်းဒေသရှိ ကျောင်းသား ကျောင်းသူတို့ လုံခြုံစွာပညာမသင်ကြားနိုင်

    ကော့ဗိန်းဒေသရှိ ကျောင်းသား ကျောင်းသူတို့ လုံခြုံစွာပညာမသင်ကြားနိုင်

    -

    မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်အစပ်ရှိ ကော့ဗိန်း၊ ကော့ပေါက်ရွာမှအစိုးရစာသင်ကျောင်းတို့ကို ဇွန်လကုန်ပိုင်းတွင် စတင်ဖွင့်လှစ်ထားသော်လည်း ကျောင်းသား၊ကျောင်းသူတို့ လုံခြုံစွာ ပညာမသင်ကြားနိုင်ကြောင်း သိရသည်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် ရွာအစွန်အဖျားရှိ စာသင်ကျောင်းနှင့် နီးသည့်နေရာတို့တွင် တပ်စွဲထားပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့တို့မှ ဒရုန်းဖြင့်တိုက်ခိုက်မှုရှိနေခြင်းကြောင့် လုံခြုံမှုမရှိနေကြောင်း ဒေသခံတို့က ဆိုသည်။

    အဆိုပါကျေးရွာမှ ကျောင်းသားကျောင်းသူတို့သည် အရပ်အဝတ်ဖြင့်သာ ကျောင်းတက်နေပြီး စာသင်ချိန်တို့ကိုလည်း နံနက် ၉ နာရီနှင့် ညနေ ၂ နာရီအတွင်းသာ သတ်မှတ်ထားသည်ဟု သိရသည်။

    “ဇွန်လကုန်ပိုင်းကပဲကျောင်းတွေဖွင့်ဖြစ်တယ်။ ကျောင်းဝတ်စုံနဲ့မတက်ရဲဘူး၊ ဒီကော့ဘိန်း ကော့ပေါက်နဲ့ ကော့ပလိုင်း ကလေးတွေ၊ ဆရာမတွေရောပဲအရပ်ဝတ်နဲ့သွားကြတယ်၊ ၂နာရီလောက်ဆို ကျောင်းလွှတ် ပြီး၊ ရပ်ဝေးက ဆရာမတွေလည်းအကုန်မတက်ကြသေးဘူး၊ကျောင်းတက်တဲ့ကလေးတွေကလည်း ၄၀၀ လောက်ပဲရှိတယ်”ဟု ၎င်းကပြောသည်။

    စစ်ကောင်စီ၏ ဌာနဆိုင်ရာယန္တယားမလည်ပတ်နိုင်ရန် ဒေသတွင်းတော်လှန်ရေးအဖွဲတို့မှ တားဆီးမှုလုပ်ဆောင်နေသည့်အတွက် စစ်ကောင်စီ ပညာရေးဌာနမှ လုံခြုံရေးအရ အရပ်ဝတ်ဖြင့်သာ ကျောင်းတက်ရန် ညွှန်ကြားထားသည်ဟု ဒေသခံတို့က ဆိုသည်။

    ထို့အပြင် ကျောင်းချိန်အတွင်း ပစ်ခတ်မှုတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက ကျောင်းသားမိဘတို့မှ ကျောင်းသို့လာရောက်ခြင်းမပြုရန်နှင့် လုံခြုံသည့်အခြေအနေမှသာ ကျောင်းသားကျောင်းသူတို့ကို လာရောက်ခေါ်ဆောင်ရန် ကျောင်းသားမိဘတို့နှင့် ပြောဆိုထားသည်ဟု ၎င်းကော့ဘိန်းဒေသခံက ဆက်ပြောပြသည်။

    “အမှတ် ၆အထက်တန်းကျောင်းနဲ့ အထက်ကျောင်းခွဲရပ်ကွက်ဘက်မှာက စစ်သားတွေရှိနေတယ်၊ သူတို့တပ်စွဲ ထားတဲ့နေရာက ကျောင်းနဲ့နီးနေတယ်။ ဒီရက်ပိုင်းလည်း ပစ်ခတ်သံတွေက ခဏခဏ ကြားနေရ။ အဲ့လိုဖြစ်ရင် လည်းမိဘတွေကို ကလေးတွေကိုဖြစ်တဲ့ အချိန်မှာလာမခေါ်ဖို့တွေမှာ ကြားထားတယ် လုံခြုံအောင် ထိန်းထား ပေးမယ်တဲ့ နောက်ပြီးကလေးတွေကို နေသာတဲ့နေ့တွေဆို အပြင်ထွက် မကစားဖို့ သတိပေးထားရတယ် ” ဟု ဆိုသည်။

    မွန်- ကရင် ဂျိုင်းမြစ်ဒေသတစ်လျှောက်တွင် အထက်တန်းကျောင်းအပါဝင် အစိုးရစာသင်ကျောင်းပေါင်း ၃၀ ခန့်ရှိနေပြီး စာသင်ကျောင်းအားလုံးဖွင့်လှစ်ထားသော်လည်း စာသင်နှစ် ဆုံးခန်းတိုင်သည်အထိ မသင်ကြားနိုင်မည်ကို ဒေသခံတို့ စိုးရိမ်လျှက်ရှိသည်။

    ၎င်းအပြင် ယမန်နေ့ ဇူလိုင် ၈ ရက်နေ့ ညပိုင်းတွင် ကော့ဗိန်းကျေးရွာအတွင်း ဒရုန်းဖြင့်ပစ်ခတ်ခံရမှုကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသေးသည်ဟု သိရသည်။

    အဆိုပါဂျိုင်းမြစ်ဒေသတွင် နေရပ်ပြန်လာသည့် ဒေသခံတို့ကို ရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့တို့မှ နှောက်ယှက်ဇော်ကားမှု ဆက်လက်ကျူးလွန်မှု ရှိနေဆဲဟုလည်း မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC မှ ဇူလိုင်လ ၅ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks