Monday, March 9, 2026
More
    spot_img
    Homeသတင်းတိုက်ပွဲပဋိပက္ခကြောင့် ရေဖြူဒေသတွင် မိုးစပါးအသေအချာ မစိုက်ပျိုးနိုင်

    တိုက်ပွဲပဋိပက္ခကြောင့် ရေဖြူဒေသတွင် မိုးစပါးအသေအချာ မစိုက်ပျိုးနိုင်

    -

    တနင်္သာရီတိုင်း၊ ရေဖြူဒေသတွင် တိုက်ပွဲနှင့် ဆက်စပ်ပဋိပက္ခတို့ကြောင့် ဒေသခံတို့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး မိုးစပါးအသေအချာ မစိုက်ပျိုးနိုင်သည့်အပြင် လယ်ဧကအများစု စပါးမစိုက်ပျိုးနိုင်သည့် အခြေအနေတွင်ရှိနေသည်ဟု တောင်သူတို့ကဆိုသည်။

    ရေဖြူဒေသခံအများစုတို့သည် စစ်ကောင်စီမှ စစ်ကြောင်းထိုးဝင်ရောက်စဉ် အကြမ်းဖက်လုပ်ရပ်တို့ကြောင့် တောတောင်တို့တွင် ထွက်ပြေးတိမ်းရှောင်နေရသည့်အပြင် စစ်ကောင်စီ၏ လမ်းခရီးကန့်သတ်ပိတ်ပင်မှုတို့ကြောင့် လိုအပ်သည့် လယ်ယာသုံးပစ္စည်းတို့ အလွယ်တကူမရရှိနေဟု သိရသည်။

    လက်ရှိတွင် ဖောင်းတော၊ မော်ကြီး၊ ဇာဒီကျေးရွာအုပ်စုနှင့် အနီးအနားကျေးရွာမှ လယ်ယာလုပ်ငန်းလုပ်ကိုင်သူတို့သည် စားနပ်ရိက္ခာဖူလုံရန်သာ စိုက်ပျိုးနေသည်ဟု ရေဖြူဒေသခံ တောင်သူတစ်ဦးက ဆိုသည်။

    “ကျတော်တို့ဇာဒီဘက်ဆို စားနပ်ရိက္ခာလောက်ပဲစိုက်ထားတယ်၊ စစ်ရှောင်နေရတာ နှစ်ပတ်ကျော်လောက်ရှိပြီး ဆိုတော့ လယ်တွေကိုဒီအတိုင်းထားထားရတယ် အချို့က ရွာမှာသိပ်မနေတော့ဘူး၊ လယ်တွေကို တစ်ခြားသူ တွေကိုဌားပြီးလုပ်ခိုင်းတာရှိတယ်၊ လုံးဝမလုပ်တာလည်းရှိတယ်၊ ဖောင်းတောနဲ့မော်ကြီးမှာ စစ်တပ်ကအထိုင်ချထားတော့ သူတို့စစ်ကြောင်းနဲ့ဆုံရင် တစ်ခုခုဖြစ်မှာစိုးနေရတယ်" ဆိုသည်။

    အထူးသဖြင့် ဇာဒီကျေးရွာအုပ်စုရှိ ရွာအချို့တွင် မိုးစပါးစိုက်ပျိုးမှု လုံးဝရပ်နားထားရသည့်အခြေအနေတွင် ရှိနေသည်ဟု ဆက်ပြောသည်။

    မိုးစပါးမစိုက်ပျိုးနိုင်သည့်အပြင် တခြားဒေသမှလာသည့် ဆန်စပါးတင်သွင်းခွင့်လည်း ကန့်သတ်ခံနေရခြင်းကြောင့် ဆန်စပါးရှားပါးပြီး ဈေးနှုန်းအဆမတန် မြင့်တက်မည်ကိုဒေသခံတို့ စိုးရိမ်လျှက်ရှိသည်။

    “သူတို့စစ်ကြောင်းမရှိမှလယ်ဆင်းရတယ်။ အခုအစစ်ဆေးတွေများ မြေသြဇာတွေဆိုလည်းဝယ်ရခက်နေတာ ဈေးလည်းကြီးတယ်၊ ဆန်တွေက အခုဆန်ကြမ်းတောင် တစ်အိတ် ၁သိန်းဖြစ်နေတယ်၊ အခြားကလာတဲ့ဆန်တွေကို ယူရင်လည်း အကန့်သတ်နဲ့ စစ်ဆေးကလည်းများတယ်၊ နောက်နှစ်တွေ ဆန်တွေ ဘယ်လိုခက်ခဲဈေးမြှင့်အုံး မလဲမသိဘူး ” ဟု ၎င်းကဆိုသည်။

    ရေဖြူမြို့နယ်အပြင် လောင်းလုံးနှင့် သရက်ချောင်းမြို့နယ်တို့တွင်လည်း လယ်ယာလုပ်ငန်းနှင့် ဥယျာဉ်ခြံကိုသာ အဓိက လုပ်ကိုင်နေသဖြင့် တိုက်ပွဲပြင်းထန်ခဲ့သည့်နေရာတို့တွင် စစ်လက်နက်ကျန်ပစ္စည်းနှင့် မြေမြှုပ်မိုင်းအန္တရာယ်ကို စိုးရိမ်နေရသည်ဟုလည်း ဇာဒီကျေးရွာအုပ်စုမှ တောင်သူတို့က ဆိုသည်။

    ဇွန်လကုန်ပိုင်းလောက်မှစ၍ စစ်ကောင်စီတပ်မှ ရေး-ထားဝယ်လမ်းပိုင်းကို ပြန်လည်စိုးမိုးနိုင်ရန် အင်အားအလုံးအရင်းဖြင့် နေ့စဉ်စစ်ကြောင်းထိုးဝင်ရောက်လာသည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်း
    မရှိသော်လည်း မောရဝတီရေတပ်မှ လက်နက်ကြီးပစ်ခတ်မှုတို့ ဆက်တိုက်လုပ်ဆောင်မှုရှိနေကြောင်း သိရသည်။

    ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်အနီးတစ်ဝိုက်တွင် လက်ရှိ စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် ဒေသခံများ ထောင်နှင့်ချီယနေ့အထိ တိမ်းရှောင်နေရဆဲဖြစ်သည်ဟု သိရသည်။

    အလားတူ တနင်္သာရီတိုင်းဒေသကြီးအပြင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်လည်း တိုက်ပွဲကြောင့် ယခုနှစ် မိုးစပါးစိုက်ရာသီတွင်တောင်သူများလယ်ယာလုပ်ငန်း စနစ်တကျမလုပ်ကိုင်နိုင်သည့်အပြင် မပေါက်ကွဲသေးသည့် လက်နက်တို့ကြောင့် မိုးစပါးစိုက်ပျိုးမှု ရပ်နားထားရသည့် အခြေအနေတွင်ရှိနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks