spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းကျောက်မီးသွေးစက်ရုံစက်ရုံကို လက်မခံနိုင်သော်လည်း ဆန့်ကျင်ကန့်ကွက်ရန် အခက်အခဲရှိနေဟုဆို

    ကျောက်မီးသွေးစက်ရုံစက်ရုံကို လက်မခံနိုင်သော်လည်း ဆန့်ကျင်ကန့်ကွက်ရန် အခက်အခဲရှိနေဟုဆို

    -

    မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကောင်စီက အကောင်အထည်ဖော်ရန် စီစဉ်နေသည့် ကျောက်မီးသွေးစက်ရုံစီမံကိန်းကို လက်မခံနိုင်သော်လည်း ဆန့်ကျင်ကန့်ကွက်ရန် အခက်အခဲရှိနေသည်ဟု ဒေသခံတို့က ပြောသည်။

    ချောင်းဆုံတွင် ကျောက်မီးသွေးစက်ရုံစီမံကိန်း အကောင်အထည်ဖော်မည့်အကြောင်းကို ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် အဖွဲ့ တွေ့ဆုံခဲ့စဉ် ဆွေးနွေးခဲ့ကြောင်းကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောက်ကြည်သိန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ထုတ်ဖော်ရေးသားခဲ့သည်။

    ကျောက်မီးသွေးစက်ရုံစီမံကိန်း ဒေသခံအများစုတို့က အလိုမရှိကြသော်လည်း လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေကြောင့် ဆန့်ကျင်ကန့်ကွက်ရန် အခက်အခဲရှိနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

    “ဘယ်သူ့ကို သွားတင်ပြရမလဲ မသိတော့ဘူး။ ဘယ်မှာသွားပြောရမလဲဆိုတာကိုလည်း မသိတော့ဘူး။ လမ်းပေါ်ထွက်ဆန္ဒပြချင်ပေမဲ့ ခေတ်ကာလက အပြောင်းအလဲဖြစ်နေပြီလေ။ ဒီကနေ့အခြေအနေဟာ ဒီစီမံကိန်းကို လက်မခံနိုင်ကြပေမဲ့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြရဲတဲ့လူ ရှိတော့ပါအုံးမလား။ ပြည်သူ့အစိုးရလက်ထက်တုန်းကဆို တင်ပြလို့ရတယ်လေ။ အခု စစ်ကောင်စီလက်ထက်မှာ မကျေနပ်လို့ တင်ပြကြည့်၊ လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြည့် နောက်ဆုံး ပြည်သူတွေပဲ ပြန်ခံရတော့မယ်လေ” ဟု အထက်ပါဒေသခံက ပြောသည်။

    လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေအရ ကျောက်မီးသွေးစက်ရုံစီမံကိန်းကို လမ်းပေါ်ထွက် ဆန္ဒဖော်ပြလျှင် အန္တရာယ်ကျရောက်လာနိုင်သည့်အတွက် အခြားနည်းလမ်းဖြင့် ကန့်ကွက်ရန် စဉ်းစားသင့်ကြောင်း ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

    “အရင်တုန်းကလိုမျိုး ဆန္ဒဖော်ထုတ်ကြမယ်ဆိုရင် အန္တရာယ်ကြီးတယ်။ နစ်နာမှုများမယ်။ ဖမ်းဆီးပြီး ထောင်ဒဏ်အထိ သူတို့ချမှတ်သွားနိုင်တယ်။ လက်ရှိနိုင်ငံရေးအခြေအနေအရတော့ ဆန္ဒပြဖို့က လွယ်ကူမယ်မထင်ဘူး။ တခြားနည်းလမ်းနဲ့ ကန့်ကွက်ကြရင် ပိုကောင်းမယ်ထင်တယ်။ အွန်လိုင်းမှာ လက်မခံနိုင်ကြောင်း ကမ်းပိန်းလုပ်တာတို့၊ အချက်အလက် ကောက်ခံတာတို့ အဲလိုပဲ လုပ်နိုင်တော့မယ်ထင်တယ်” ဟု ၎င်းလူငယ်က ပြောသည်။

    မွန်ပြည်နယ် စစ်ကောင်စီက ကျောက်မီးသွေးစက်ရုံစီမံကိန်းကို ချောင်းဆုံမြို့နယ်မြောက်ပိုင်းရှိ ကလွီကျေးရွာနှင့် ဒရယ်ကျေးရွာကြား ဒရယ်မြစ်ကမ်းဘေးတွင် အကောင်အထည်ဖော်ရန် လျာထားသည်။

    လက်ရှိတွင် ကျောက်မီးသွေးစက်ရုံစီမံကိန်းအတွက် မွန်ပြည်နယ် စစ်ကောင်စီက မြေများလိုက်လံဝယ်ယူနေပြီး ဝယ်ယူထားပြီးဖြစ်သည့်မြေနေရာကိုလည်း ရှင်းလင်းနေပြီးဖြစ်သည်ဟုလည်း ဒေသခံတို့က ပြောသည်။

    “လောလောဆယ် ဓနိတောမြေဧက ၅၀ နီးပါးလောက် သူတို့ ရှင်းလင်းနေတယ်။ လမ်းပေါ်ထွက် ဆန္ဒပြဖို့က မလှုပ်ရှားရဲကြတော့ဘူးလေ။ အော်ပြောချင်ပေမဲ့ သူတို့မကြားအောင်ပဲ အော်ပြောရဲ ကြတော့မယ့်အခြေအနေပါ။ လမ်းပေါ်ထွက်ပြီး ဆန္ဒပြဖို့တောင် မပြောနဲ့။ ဘာအပြစ်မှ မရှိတဲ့ရွာတွေကိုတောင် မီးရှို့နေကြတာပဲ” ဟု အခြားချောင်းဆုံဒေသခံတစ်ဦးက ပြောသည်။

    အကယ်၍ချောင်းဆုံတွင် ကျောက်မီးသွေးစက်ရုံစီမံကိန်း အကောင်အထည်ဖော်ဖြစ်ပါက ကျောက်မီးသွေးစက်ရုံ၏ ဆိုးကျိုးကို ချောင်းဆုံသာမက ပတ်ဝန်းကျင်ရှိ မော်လမြိုင်မြို့နှင့် ပေါင်မြို့နယ်တို့လည်း တွေ့ကြုံခံစားလာရနိုင်သည်ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာလေ့လာသူတို့က ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks