spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းထားဝယ်ခရိုင်မှ စစ်ဘေးရှောင်နေသည့် ကျေးရွာဒေသခံအနည်းစု နေရပ်ပြန်လာ

    ထားဝယ်ခရိုင်မှ စစ်ဘေးရှောင်နေသည့် ကျေးရွာဒေသခံအနည်းစု နေရပ်ပြန်လာ

    -

    ရေဖြူမြို့နယ်၊ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာ ၉ ရွာမှ စစ်ဘေးရှောင်နေရသည့် ဒေသခံအနည်းစုတို့ နေရပ်ပြန်လာသည်ဟု ရေဖြူဒေသခံတို့ထံမှ သိရသည်။

    ထားဝယ်ခရိုင်၊ မျောက်ချောကျေးရွာအနီးတွင် ဇွန်လ ၁၉ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာပြီး ဒေသခံတို့ ထောင်နှင့်ချီ ထိုင်းမြန်မာနယ်စပ်အပြင် ရေဖြူဒေသရှိ နီးစပ်ရာရွာနှင့် ဥယျာဉ်ခြံတို့တွင် တိမ်းရှောင်ခဲ့ရသည်။

    ဇွန် ၂၃ ရက်နေ့တွင် စစ်ကောင်စီစစ်ကြောင်းတို့ ပြန်လည်ဆုတ်ခွာခဲ့သည့်နောက် စစ်ဘေးဒဏ် ထိခိုက်မှုနည်းသည့် မရော့ချိုင်း၊ လှည်းစိပ်ကျေးရွာ၊ သဲချောင်းကျေးရွာမှ စစ်ဘေးရှောင်နေရသည့် ဒေသခံရာဂဏန်းခန့် နေရပ်သို့ ပြန်လာကြသည်ဟု ရေဖြူဒေသခံတစ်ဦးက ဆိုသည်။

    “ ဒီမရော့ချိုင်းကလူတွေက ပြန်နေကြပြီး။ ကြားနေတာက မျောက်ချောကလူတွေလည်းပြန်တဲ့သူတွေရှိတယ်။ မပြန်တဲ့သူကပိုများတယ်။ တဖြည်းဖြည်းပြန်နေကြတာပဲ။ ခရီးလွန်ရောက်တဲ့သူတွေက မပြန်လာကြဘူး။ ဒီအနီးအနားမှာတိမ်းရှောင်နေတဲ့သူတွေကပြန်လာကြတယ်။ မိုးတွင်းဆိုတော့ သူများအိမ်မှာ နေဖို့လည်းအဆင်မပြေ တောထဲမှာနေဖို့လည်း အဆင်မပြေ၊ အခြေအနေနည်းနည်းပါးပါးငြိမ်သွားတော့ လက်နက်သံတွေလည်းမကြားရတော့ပြန်ကြတာပေါ့လေ”ဟု ရေဖြူဒေသခံတစ်ဦးက ပြောသည်။

    ၎င်းအပြင် မျောက်ချောဒေသအနီးအနားရှိ တောတောင်ထဲတွင် စစ်ဘေးရှောင်နေသည့် ဒေသခံ ၂၀ ထက်မနည်းတို့သည် နေရပ်ပြန်လာခဲ့သော်လည်း ထိုင်းနယ်စပ် ခလောက်ခနီဘက်သို့ စစ်ဘေးရှောင်ရောက်ရှိနေသည့် ဒေသခံ ၁၂၅ ဦးတို့ ယနေ့ထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

    “လောလောဆယ်ကတော့ ဒီဘက်ခြမ်းရောက်နေတဲ့သူတွေက ရွာပြန်တာတော့မရှိသေးဘူး။ အခြေအနေတွေကလည်း မယုံရဲသေးဘူး။ ပြီးတော့ လမ်းကြောင်းပေါ့နော်။ မလွှဲတောင်လမ်းကလည်း ပိတ်ထားတယ်ဆိုတော့လေ။ စစ်ဘေးရှောင်တွေနဲ့ စကားပြောကြည့်တော့ ဒီမှာတော့ တစ်ရာသီလောက် ကြာအုံးမယ်။ ဒေသခံတွေလည်း သူတို့ဒီမှာနေချင်သေးတယ်ပေါ့။ စားနပ်ရိက္ခာလည်း လုံလုံလောက်လောက် ရှိတော့။ အကယ်လို့ အေးချမ်းသွားရင်တော့ သူတို့ပြန်ဖို့ဆန္ဒရှိတယ်”ဟု အကူအညီပေးနေသူတစ်ဦးက ဆိုသည်။

    အဆိုပါ စစ်ရှောင်စခန်းအတွင်းရှိ စစ်ဘေးရှောင်တို့သည် မိုးရာသီကာလဖြစ်ခြင်းကြောင့် စားနပ်ရိက္ခာအပြင် ချက်ပြုတ်စားသောက်ရန် ထင်း၊ မီးသွေးတို့အခက်အခဲရှိနေကြောင်း သူက ဆက်ပြောသည်။

    တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီအဖွဲ့တို့ မျောက်ချောရွာမှ ပြန်လည်ဆုတ်ခွာခဲ့သော်လည်း မလှမ်းမကမ်းရှိ တောတောင်နေရာတို့တွင် အင်အားရာချီကျန်ရှိနိင်ခြင်းကြောင့် သတိထားဖွယ်ဖြစ်ကြောင်းလည်း ရေဖြူဒေသတွင် လှုပ်ရှားနေသည့် တော်လှနရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက IMNA နှင့် ဆက်သွယ်မေးမြန်းမှုတစ်ခုတွင် ပြောဆိုသည်။

    မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်တွင် ဇွန်လ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် မျောက်ချော၊ မိတ်စိတ်၊ ရုန်းပိုင်၊ ကျောင်းဒုံ၊ မရော့ချိုင်း၊ နဂါးအိုင်စသည့်ကျေးရွာအပါအဝင် စုစုပေါင်း ၉ ရွာခန့်ရှိ ဒေသခံတို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks