Monday, March 9, 2026
More
    spot_img
    Homeသတင်းဂျိုင်းမြစ်ဒေသတွင် စစ်တပ်က အမျိုးသမီးများအပေါ် နှောင့်ယှက်စော်ကားမှု ဆက်ကျူးလွန်နေဆဲဟု MSFC ထုတ်ပြန်

    ဂျိုင်းမြစ်ဒေသတွင် စစ်တပ်က အမျိုးသမီးများအပေါ် နှောင့်ယှက်စော်ကားမှု ဆက်ကျူးလွန်နေဆဲဟု MSFC ထုတ်ပြန်

    -

    ဂျိုင်းမြစ်ဒေသတွင် နေရပ်ပြန်လာသည့် ဒေသခံအမျိုးသမီးများကို စစ်ကောင်စီတပ်ဖွဲ့တို့မှ နှောင့်ယှက်စော်ကားမှု ဆက်လက်ကျူးလွန်နေဆဲဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က ဇူလိုင်လ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

    ထုတ်ပြန်ချက်တွင် နေရပ်ပြန်လာကြသည့် ဒေသခံအမျိုးသမီးများကို စစ်ကောင်စီတပ်သားတို့က ၎င်းတို့စားသောက်ရန်အတွက် ထမင်း၊ ဟင်းနှင့် စားသောက်ဖွယ်ရာများ ချက်ပြုတ်ရန် အတင်းအဓမ္မစေခိုင်းခြင်း၊ ညအချိန်မတော် အိမ်တံခါးများခေါက်ပြီး လိုက်လံနှောင့်ယှက်နေခြင်းများအပြင် လမ်းသွားလမ်းလာများကို စစ်ဆေးသည်ဟုဆိုကာ လူငယ်အမျိုးသမီးများကို နှုတ်အားဖြင့် နှောင့်ယှက်နေသည်ဟု ပါရှိသည်။

    စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားစဉ်တွင် လူ့အခွင့်အရေးနှင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခဲ့ရုံမျှမက တိုက်ပွဲဖြစ်ပွားရာဒေသမှ ပြည်သူများ နေရပ်မပြန်ရဲစေရန် လူ့အခွင့်အရေးချိုးဖောက်မှုကို နည်းလမ်းမျိုးစုံဖြင့် ဆက်တိုက်ကျူးလွန်နေဆဲဖြစ်သည်ဟု MSFC က ထုတ်ပြန်ထားသည်။

    “ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်နေတာဟာ လူ့အခွင့်အရေးချိုးဖောက်ရာကျတယ်။ နိုင်ငံတကာဥပဒေ၊ စစ်ဥပဒေတွေကို ချိုးဖောက်ရာကျတယ်။ စစ်ဖြစ်နေပေမယ့် ဒီလိုမျိုး ကျူးလွန်လို့မရဘူးဆိုပေမယ့် စစ်တပ်ကတော့ သူတို့ ကျူးလွန်နေတဲ့ ကျူးလွန်နေဆဲ” ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC မှ ပြောရေးဆိုခွင့်ရှိသူ မိသုတဂျဝ်က ပြောသည်။

    စစ်ကောင်စီတပ်တို့မှ ယခုကဲ့သို့ နေရပ်ပြန် အမျိုးသမီးများအပေါ် နှောင့်ယှက်စော်ကားနေပြီး ပြည်သူတို့ ရှင်သန်ရေးအတွက် အန္တရာယ်ပြုနေသည့်အပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီမှ အပြင်းအထန် ရှုံ့ချကြောင်းလည်း ထုတ်ပြန်ထားသည်။

    ဂျိုင်းမြစ်ဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်တို့မှ ၎င်းတို့တပ်စွဲထားရာကျေးရွာနှင့်အနီးအနားကျေးရွာများမှ ဒေသခံပြည်သူများ၏ နေအိမ်နှင့် ခြံဝင်းများထဲရှိ ပစ္စည်းများ ဖောက်ထွင်းယူဆောင်ခဲ့သည်လည်း ရှိနေသည်။

    စစ်ကောင်စီလက်ချက်ကြောင့် အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး အကူအညီများ လိုအပ်နေသည့် ပြည်သူများအပေါ် ယခုလို စစ်ကောင်စီတပ်မှ လူ့အခွင့်အရေးများ ထပ်မံချိုးဖောက်နေခြင်းကို ပြင်းထန်စွာ ရှုံ့ချသည်ဟု MSFC က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks