Sunday, March 8, 2026
More
    spot_img
    Homeသတင်းရေနက်ဆိပ်ကမ်းပြန်လည်ရရှိနိုင်ရေး ဇာဒီကျေးရွာတစ်ဝိုက် စစ်ကောင်စီ စစ်ကြောင်းထိုးနေ

    ရေနက်ဆိပ်ကမ်းပြန်လည်ရရှိနိုင်ရေး ဇာဒီကျေးရွာတစ်ဝိုက် စစ်ကောင်စီ စစ်ကြောင်းထိုးနေ

    -

    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ ဇာဒီကျေးရွာအုပ်စု၊ ရေနက်ဆိပ်ကမ်းဘက်သို့ စစ်ကြောင်းထိုးနိုင်ရန်အတွက် စစ်ကောင်စီတပ်ဖွဲ့တို့ အဆိုပါဒေသတစ်ဝိုက်တွင် အင်အားတိုးချဲ့ အထိုင်ချထားသည်ဟု ဒေသခံတို့မှ သိရသည်။

    မောရဝတီရေတပ်စခန်းဌာနချုပ်နှင့် ဖောင်းတောတွင်အထိုင်ချထားစစ်ကောင်စီတပ်တို့အပြင် ခလရ ၂၃၇ တပ်မှပါ ခံစစ်အနေနှင့်ပါဝင်ပြီး၊ အင်အားရာကျော်ဖြင့် ရေနက်ဆိပ်ကမ်းဘက် ပြန်လည်ရရှိရေးအတွက် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ဇာဒီကျေးရွာအုပ်စုဘက်သို့ စတင်ထိုးစစ်ဆင်လာနေသည်ဟု ရွာခံတစ်ဦးက ဆိုသည်။

    “အခုက စစ်သားတွေက ဖောင်းတောမှာသေသေချာချောအထိုင်ချထားတယ်၊ တပ်စွဲထားတဲ့အဖွဲ့က စစ်ကြောင်းထိုးတယ်၊ အရင်ကဇာဒီရွာ PDFတွေပဲရှိတယ်၊ စစ်သားတွေမဆင်းရဲဘူး၊ ရေနက်ဆိပ်ကမ်း ဘက်သွားဖို့ ဇာဒီရွာလမ်းကို ဖြတ်ရတယ် တောလမ်းဖြစ်တဲ့အခါက pdfတွေတိုက်လို့လွယ်တယ် PDF တွေလည်း အရင်က အဲ့မောရဝတီဘက်မှာလှုပ်ရှားကြတယ်၊ ရေနက်ဆိပ်ကမ်းကုမ္ပဏီကိုပြန်ရဖို့အရေးက သူတို့ပြန်ထိန်းလိုက်တယ်၊ ရွာကအမျိုးသားတွေကို ၅ ယောက်လောက် ရိုက်နှက်ခေါ်ဆောင်သွားပြီး သူတို့လမ်းပြခိုင်းတာ”ဟု ၎င်းက ဆိုသည်။

    ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့မှစ၍ယနေ့အထိ စစ်ကောင်စီတပ်မှ ရေး-ထားဝယ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ရေဖြူဒေသရှိ စစ်ကောင်စီ တပ်စခန်းအားလုံးတွင် အင်အားတိုးချဲ့ အထိုင်ချထားသည့်အပြင် တောင်ကုန်းနေရာတို့တွင်လည်း နေရာယူထားသည်ဟု ဆိုသည်။

    စစ်ကောင်စီတပ်မှ ရပ်နားထားရသည့် ထားဝယ် ရေနက်ဆိပ်ကမ်းတည်ဆောက်မှုကို ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ရွေးချယ်ခဲ့သည့်နောက် ယခုကဲ့သို့ စစ်အင်အားတိုးချဲ့ပြီး စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု MSRFမှ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက လွတ်လပ်သော မွန်သတင်းအေဂျင်စီ ကိုပြောသည်။

    “စစ်တပ်တွေက သူတို့ရပ်နားထားတဲ့လုပ်ငန်းတွေပြန်စတင်ဖို့နဲ့ အခုလိုတင်းကြပ်လာတာ အရင်ကကတည်းက သူတို့စစ်ကြောင်းဝင်ပြီးအထိုင်ချထားတာ၊ သူတို့တပ်စခန်းရှိတဲ့နေရာတွေမှာရော တောင်ကုန်းပေါ်လိုနေရာတွေမှာရော ပြင်ဆင်ထားတာရှိတယ်။ ရွာသားတွေရှိတော့ တော်လှန်ရေးတွေဘက်က အဲ့နေရာဘက်ကနေ တပ်ဆုတ်ထားတာရှိတယ်”ဟု ၎င်းကဆက်ပြောသည်။

    ထို့ပြင် ဇွန်လ ၂ ရက်နေ့တွင်လည်း ရေနက်ဆိပ်ကမ်းအနီးနားရှိ လဲရှောင်ကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်သွားသည့်ဒေသခံများရှိနေသော်လည်း သတင်းအပြည့်စုံကို အတည်မပြုနိုင်သေးပေ။

    ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့မှစတင်၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ဒေသခံတို့ကို တိမ်းရှောင်ရန် အသိပေးပြောဆိုလာပြီးနောက် ဇွန်လနောက်ဆုံးအပတ်မှ စတင်ကာ စစ်ကောင်စီရေတပ်ဘက်မှ လက်နက်ကြီးဖြင့် နေ့စဉ် ဆက်တိုက်ပစ်ခတ်လာသဖြင့် ဇာဒီရွာအပြင် ခေါင်ပြန်၊ ဒိုက်တကော်၊ကျောက်ထရံ စသည့်ကျးရွာ ၄ရွာမှ ဒေသခံထောင်နှင့်ချီ ယနေ့အထိ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks