Sunday, March 8, 2026
More
    spot_img
    Homeသတင်းကျိုက်မရောဒေသခံ ၃၀၀၀ ကျော် ထပ်မံထွက်ပြေးနေရ

    ကျိုက်မရောဒေသခံ ၃၀၀၀ ကျော် ထပ်မံထွက်ပြေးနေရ

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်နေသည့်အတွက် ဒေသခံ ၃၀၀၀ ကျော် ထပ်မံထွက်ပြေးနေရကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

    ကျိုက်မရောမြို့နယ်၊ စံပယ်ဂူတံတားအနီးရှိ စံပယ်ဂူတောရဘုန်းကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရသည့် ဇွန်လ ၂၆ ရက်နေ့နောက်ပိုင်း ပျားတောင်ဒေသတွင်းရှိ ကျေးရွာများထဲကို လက်နက်ကြီးများဖြင့် နေ့စဉ်လိုလိုပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    “ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ အထူးသဖြင့် PDF တွေ လှုပ်ရှားတဲ့ ကော့ဒွန်းနဲ့ ကော့ပနောဘက်ကို ဆက်တိုက်ပစ်တယ်။ နောက်ပြီး လေယာဉ်လည်း ခဏခဏဝဲနေတော့ ဗုံးကြဲမှာကိုလည်းကြောက်နေရလို့ ဒေသခံတွေ ရှောင်ကြတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။

    စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်နေသည့်အတွက် ပျားတောင်ဒေသရှိ ကော့ဒွန်း၊ ကော့ပနော၊ ကော့ဝမ်း၊ ဝါးငဲ့၊ ကွမ်ငန်း၊ မယ်ဂရိုနှင့် ကတုံစိ အစရှိသည့်ကျေးရွာများမှ ဒေသခံပြည်သူ ၃၀၀၀ ကျော်မှာ နေရပ်စွန့်ခွာ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြသည်။

    ၎င်းအပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း စစ်ကား ၂ စီးစာဖြင့် ပျားတောင်ဒေသထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားဖြည့်တင်းထားပြီး တရနာရွာမှ အလှပ်ကုန်းရွာအထိ စခန်းချထားသည်။

    ထိုသို့သောအခြေအနေများကြောင့် ပျားတောင်ဒေသတွင် တိုက်ပွဲများ ပြင်းထန်လာနိုင်သည်ဟု ဒေသခံတို့က ခန့်မှန်းနေကြသည်။

    ပျားတောင်ဒေသခံများသည် ပြီးခဲ့သည့် မတ်လအတွင်းကလည်း ဒေသတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks