Sunday, March 8, 2026
More
    spot_img
    Homeသတင်းလားရှိုးမြို့အနီးတွင် တိုက်ပွဲဖြစ် အရပ်သား ၆ ဦးသေဆုံး

    လားရှိုးမြို့အနီးတွင် တိုက်ပွဲဖြစ် အရပ်သား ၆ ဦးသေဆုံး

    -

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အနီးတွင် ဇူလိုင်လ ၃ ရက်နေ့ နံနက်အစောပိုင်းမှစတင်ကာ တိုက်ပွဲများဖြစ်ပွားနေကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။

    လားရှိုး-စဉ်အင်းကြားရှိ နောင်မွန်ကျေးရွာအနီးတွင် တိုက်ပွဲများစတင်ခဲ့ပြီး လားရှိုးမြို့အခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့သည်။

    ၎င်းပြင် မန်ဆန်ရေကျေးရွာ၊ နမ့်ပေါင်ရွာ၊ နမ္မရွာ အပါအဝင် သီပေါမြို့ဘက်အထွက်လမ်းရှိ ကျေးရွာအချို့နှင့် မြို့ဘေးပတ်ဝန်းကျင်နေရာတို့တွင်လည်း ပစ်ခတ်သံများကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။

    ကိုးကန့်တပ် (MNDAA) ဘက်က ထိုးစစ်ကြောင့် တိုက်ပွဲစဖြစ်သည်ဟု ပြောဆိုမှုများရှိနေသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။

    တိုက်ပွဲအတွင်း လားရှိုးမြို့ ရပ်ကွက် (၁) သာယာလမ်းအတွင်းရှိ နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အိမ်သား ၆ ဦးလုံးသေဆုံးခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

    “ရှော့တိုက်ဒုန်းလို့ပြောကြတယ်။ အိမ်ထဲကိုတည့်တည့်ကျတာ။ ညီမတို့ကိုယ်တိုင်သွားကြည့်ခဲ့တာ ၆ ယောက်။ ညီမတို့လည်း ရှောင်ကြပြီ။ တခြားလူတွေလည်း ရွှေ့ဖို့လုပ်နေကြတယ်။ မြို့အဝင်အထွက်ကတော့ ပိတ်လိုက်ပြီဆိုပြီးလည်း ပြောနေကြတယ်ရှင့်” ဟု လားရှိုးဒေသခံတစ်ဦးက ပြောသည်။

    လားရှိုး-နမ့်ပေါင်သွားလမ်းပိုင်းရှိ တံတားနှင့် လမ်းအချို့လည်း ဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။

    လားရှိူးမြို့သည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁) လက်အောက်ခံတပ်များအပါအဝင် တပ်ရင်း ၃၀ နီးပါး အထိုင်ချထားသည့်မြို့ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks