spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းရေး-ထားဝယ်လမ်းပိုင်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်မည်မဟုတ်ဟုဆို

    ရေး-ထားဝယ်လမ်းပိုင်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်မည်မဟုတ်ဟုဆို

    -

    မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးကို ဆက်သွယ်ထားသည့် ရေး-ထားဝယ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကောင်စီတပ်ဘက်က ကြိုးပမ်းနေသော်လည်း လွယ်ကူစွာ ပြန်လည်ထိန်းချုပ်နိုင်မည်မဟုတ်ဟု တော်လှန်ရေးအင်အားစုဘက်က ပြောသည်။

    ရေး-ထားဝယ်လမ်းပိုင်းကို တော်လှန်ရေးအင်အားစုတို့က မတ်လကတည်းက နယ်မြေစိုးမိုးထိန်းချုပ်ထားပြီး အဆိုပါလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်ဘက်က ဇွန်လဆန်းပိုင်းခန့်ကစပြီး အင်အားအလုံအရင်းဖြည့်တင်းကာ ထိုးစစ်ဆင်းလာခဲ့သည်။

    “သူတို့(စစ်တပ်) မထိန်းချုပ်နိုင်သေးပါဘူး။ လက်ရှိအခြေအနေက ဒီလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့က လွယ်ကူမယ်မထင်ဘူး။ ဒါပေမဲ့ ကျနော်တို့ ကတော့ အသွားအလာ အနေအထိုင်တော့ ဆင်ခြင်ရမှာပေါ့။ မလွှဲတောင်တပ်စခန်း မကျဖို့အရေးပဲ သူတို့ လုပ်နိုင်တယ်။ အခုက အလယ်စခန်းဘက်ကို တချို့နေရာတွေမှာ လမ်းတွေပိတ်ထားတာရှိတယ်။ ပြီးတော့ မွန်ပြည်သစ်ပါတီ၊ ထားဝယ်ခရိုင်းဘက်မှာ စစ်ကြောင်းထိုး ဝင်နေတာရှိတယ်” ဟု မွန်ပြည်သစ်ပါတီ (NMSP-AD) ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောသည်။

    ရေး-ထားဝယ်လမ်းပိုင်းကို တော်လှန်ရေးအင်အားစုတို့က ထိန်းချုပ်ထားသည့်အတွက် စစ်ကောင်စီတပ်တို့က ရေကြောင်းလမ်းကိုသာ အသုံးပြုသွားလာနေရသည့်အတွက် ယင်းလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလာခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

    အဆိုပါ လမ်းပိုင်းတလျှောက်တွင် စစ်ကောင်စီတပ်ဘက်က အင်အားအလုံအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်နေသော်လည်း ဆုတ်ခွာပေးမည်မဟုတ်ကြောင်း တော်လှန်ရေးအင်အားစုတွင် ပါဝင်သည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

    နိုင်နဂါးက “မထိန်းချုပ်နိုင်အောင်တော့ လုပ်သင့်တာ။ လုပ်နိုင်သလောက်တော့ လုပ်နေအုံးမှာပဲ။ ပြန်လည်ဆုတ်ခွာပေးဖို့တော့ မရှိဘူး။ အခုက အဲဒေသတစ်ဝိုက်မှာရှိတဲ့ ဒေသခံတွေက ရွာကနေ ပြေးထွက်ကုန်ပြီ။ ကရိန်ဗိုင်ရွာ (ကြုင်ဗိုင်) က လူတွေတောင် ရွာကနေ ထွက်ပြေးနေကြပြီ။ ဘာလို့လဲဆိုတော့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေကြတယ်လေ” ဟု ပြောသည်။

    လက်ရှိတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသော ရာဖူးကျေးရွာအုပ်စုအနီးတစ်ဝိုက်တွင် မောရဝတီရေတပ်စခန်းက လက်နက်ကြီးဖြင့် ကျေးရွာထဲကို မကြာခဏ ရမ်းသမ်းပစ်ခတ်နေပြီး မလွှဲတောင်တပ်စခန်းကိုလည်း အင်အားထပ်ဖြည့်ထားသည်ဟု သိရသည်။

    မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးနယ်စပ် မလွှဲတောင်စစ်ကောင်စီတပ်စခန်းမှ ရေဖြူမြို့နယ် ကလိန်အောင်မြို့အထိကို စစ်ကောင်စီဘက်က အင်အားထောင်နှင့်ချီ ဖြည့်တင်းထားပြီး စစ်ဆေးရေး ဂိတ်များလည်း ဖွင့်လှစ်ထားလျက်ရှိသည်ဟု တော်လှန်ရေးအင်အားစုတို့က ပြောသည်။

    ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော် ABSDF တပ်ရင်း-၁၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ KBDF၊ ဒေါနစစ်ကြောင်း တပ်ခွဲ-၄၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ DDT-ဒေါန တပ်ခွဲ-၇၊ မွန်ပြည်သစ်ပါတီ NMSP-AD နှင့် KTLA စသည့် ၁၆ ဖွဲ့ထက်မနည်း နယ်မြေစိုးမိုးထား ကြောင်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks