Sunday, March 8, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူနယ်စပ်ဂိတ် ပိတ်ထားသော်လည်း DKBA အဖွဲ့တို့နှင့် ချိတ်ဆက်ကာ ကုန်ပစ္စည်းတင်သွင်းနေ

    ဘုရားသုံးဆူနယ်စပ်ဂိတ် ပိတ်ထားသော်လည်း DKBA အဖွဲ့တို့နှင့် ချိတ်ဆက်ကာ ကုန်ပစ္စည်းတင်သွင်းနေ

    -

    ထိုင်း- မြန်မာနယ်စပ်ဘုရားသုံးဆူမြို့ရှိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ယာယီ ပိတ်ထားသော်လည်း ဒေသတွင်းလက်နက်ကိုင်အဖွဲတို့ဖြစ်သည့် DKBA အဖွဲ့ထံ ငွေကြေးပေးဆောင်ကာ လမ်းလွှဲမှတစ်ဆင့် ကုန်ပစ္စည်းတင်သွင်း တင်ပို့မှုလုပ်ဆောင်နေသည်ဟု သိရသည်။

    ပြီးခဲ့သည့်ဇွန်လ ၁၇ ရက်နေ့မှ ပိတ်ထားသည့် နယ်စပ်ဂိတ်ကို နှစ်နိုင်ငံကြားညှိနှိုင်းပြီး ၁၀ ရက် အတွင်းပြန်လည်ဖွင့်လှစ်သွားမည်ဟု ထိုင်းအာဏာပိုင်တို့မှ ဆိုထားသော်လည်း ယနေ့တွင် ၁၅ ရက် ကျော်ကြာသည်အထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိခြင်းကြောင့် ကုန်ပစ္စည်းပြတ်လတ်သည့် အခြေအနေတွင်ရှိနေသည်ဟု သိရသည်။

    ထို့ကြောင့် ကုန်တင်ယာဉ် ၁၂ ဘီးကားတို့ဖြင့် ကုန်ပစ္စည်းတင်သွင်းမှု ရပ်နားထားသော်လည်း (Vigo)ကားဖြင့် ရရာလမ်းကြောင်းမှတစ်ဆင့် တင်သွင်းနေပြီး ငွေကြေးမပေးဆောင်နိုင်သည့် တစ်နိုင်တစ်ပိုင် ကုန်ပစ္စည်းတင်ပို့သူတို့ လုပ်ငန်းရပ်နားထားရသည်ဟု သိရသည်။

    “အခြေအနေက ဖွင့်ဖို့မလွယ်သေးဘူး၊ သူတို့ချင်းပေါင်းပြီး ညှိနေတာရှိတယ်၊ ထိုင်းဘက်ကတော့ ဒီလပြန်ဖွင့် မယ်လို့ကြားတယ်၊ ဒီမြန်မာဘက်တော့မသိသေးဘူး၊ အခုက သွားလာလို့ရနေတာက အခွန်တွေပေးဆောင်ပြီး သူတို့ လူနဲ့ချိတ်ရင် ပေးဝင်တယ်၊ အရင်က ၇သိန်း လောက်ယူတဲ့ ကားသေးတွေချိတ်ရင် ၁၂သိန်း လောက် အထိပေးရတယ်။ ပိုက်ဆံပေးရမယ်ဆိုတော့ ဒီတစ်နိုင်တစ်ပိုင် ကားသမားတွေကျ ရပ်နားထားကြတယ်ပေါ့" ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ဆိုသည်။

    ၎င်းအပြင် ဘုရားသုံးဆူနယ်စပ်ဂိတ်မှတစ်ဆင့် ခရီးသွားလာနေသူ၊ ထိုင်းဘက်ကမ်းရှိ စက်ရုံ အလုပ်ရုံအလုပ်သမားနှင့် ထိုင်းကျောင်းအကြိုအပို့ယာဉ်တို့ကိုလည်း မနက် ၆ နာရီမှ ၉ နာရီကြား၊ ညနေပိုင်းတွင် ၄ နာရီမှ ၉ နာရီကြားသာ ဖြတ်သန်းသွားလာခွင့်ပြုနေသည်ဟု ဘုရားသုံးဆူမြို့ခံတို့ထံမှသိရသည်။

    လက်ရှိတွင် ကုန်စည်အဝင်အထွက်မမျှတခြင်းကြောင့် ထိုင်းကုန်ပစ္စည်းတို့ ဈေးနှုန်းအဆမတန်မြင့်တက်နေသည့်အပြင် ကုန်ပစ္စည်း ပြတ်လတ်မှုတို့ ဖြစ်ပေါ်နေကြောင်း ထိုင်းကုန်စည်တင်သွင်းနေသူတို့မှ သိရသည်။

    “ကုန်ပစ္စည်းတွေကမမျှတော့ ပြတ်လပ်နေတာတော့ရှိတယ်၊ သုံးဘီးဆိုင်ကယ်တွေနဲ့ပဲ ဝင်ထွက်လို့ရတော့ ရရာနည်းတွေသွင်းနေကြတယ်၊ ပိတ်မိနေတဲ့ကုန်ကားတွေပြန်လှည့်သွားကြတာလဲရှိတယ်၊ဒီမြန်မာဘက်ကပဲ တရားမဝင် တစ်နိုင်တစ်ပိုင်ဆိုတော့ အခွန်သိပ်မရဘူး ဒါကြောင့်အဲ့လိုလုပ်တယ် ” ဟု ဘုရားသုံးဆူမှ ကုန်ပစ္စည်းတင်သွင်းနေသူတစ်ဦးက ဆိုသည်။

    အဆိုပါ ဘုရားသုံးဆူမြို့နယ်စပ်ဂိတ်ကို ဇွန်လ ၁၅ ရက်နေ့မှစတင်ကာ ၁၀ ရက်ပိတ်ထားရန် မြန်မာအာဏာပိုင်တို့မှ ပြောဆိုထားကြောင်း ထိုင်းနိုင်ငံ စံခလဘူရီ အကောက်အခွန်အကြီးအကဲမှ ထိုင်းသတင်းတွင် ပြောဆိုထားသည်ဟု သိရသည်။

    ဘုရားသုံးဆူ နယ်စပ်ဂိတ်မှတစ်ဆင့် ကုန်ပစ္စည်းတင်ပို့မှုလုပ်ဆောင်နေခြင်းသည် တရားဝင် သဘောအရ မဟုတ်ဘဲ ထိုင်းအာဏာပိုင်တို့နှင့် ညှိနှိုင်းနားလည်မှုယူကာ တစ်နိုင်တစ်ပိုင် တင်သွင်းနေသည့် ဂိတ်တစ်ခုသာဖြစ်ခြင်းကြောင့် ပိတ်ဆို့ကန့်သတ်ခြင်း မကြာခဏလုပ်ဆောင်လျှက်ရှိသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks