spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်မှကုန်ကြမ်းပစ္စည်းများ ကုန်ချောပြုလုပ်မည့်အစီအစဉ် ဖြစ်မြောက်မည်မဟုတ်

    မွန်ပြည်နယ်မှကုန်ကြမ်းပစ္စည်းများ ကုန်ချောပြုလုပ်မည့်အစီအစဉ် ဖြစ်မြောက်မည်မဟုတ်

    -

    မွန်ပြည်နယ်မှ ထွက်ရှိသည့် ရော်ဘာပြား၊ ဝဥနှင့် ပီလောပီနံတို့ကို တရုတ်နည်းပညာအကူအညီဖြင့် ကုန်ချောပြုလုပ်မည့်အစီစဉ် အကောင်အထည်ဖော်နိုင်မည်မဟုတ်ကြောင်း မွန်ပြည်နယ်ရှိ လုပ်ငန်းရှင်အချို့က သုံးသပ်ပြောဆိုသည်။

    စစ်ကောင်စီမွန်ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့မှ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ဝဥနှင့်ပီလောပီနံအခြောက်တို့ကို ကုန်ချော အမှုန့်ဖြင့် ပြုလုပ်နိုင်ရန် နည်းပညာအကူအညီပေးစေလိုကြောင်း  ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့က တရုတ်နိုင်ငံသံအမတ် မစ္စတာချန်ဟိုင်းနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

    မွန်ဒေသထွက်အသီးအနှံတို့သည် အရည်အသွေးပြည့်မှီခြင်းမရှိသည့်အပြင် စိုက်ပျိုးရေးတောင်သူအများစု လုပ်ငန်းရပ်နားထားသည့် အခြေအနေတို့ကြောင့် အစီစဉ်ဖြစ်မြောက်ရန် မျှော်လင့်ချက်မရှိနေကြောင်း ဝဥ စိုက်တောင်သူတစ်ဦးကဆိုသည်။

    “အခုကျွန်တော်တို့ဘက်ကနေ ဝဥတွေဆိုရင် မြဝတီ နဲ့ ဘုရားသုံးဆူလောက်ပဲပို့နိုင်တော့တယ်။ အဲ့ကနေတစ်ဆင့်ပြန်အချောသတ်ပြီးမှ တစ်ခြားနိုင်ငံကို ပို့ကြတယ်။ ဒီကနေကုန်ချောအပြီးတင်ပို့ဖို့က မဖြစ်နိုင်ဘူး။ ဝဥစိုက်တဲ့သူတွေကိုယ်တိုင်တောင်မှ အသေချာပြောရရင် နည်းစနစ်ကျကျစိုက်ပျိုးမှုတွေမသိနေကြဘူး။ ဝဥစိုက်ပျိုးသူတွေဆိုရင်
    အကုန်ကျများပြီးတော့ အမြတ်ရနှုန်းက နည်းတော့ ဒီနှစ်ဝဥစိုက်ပျိုးနေတဲ့သူတွေ တစ်ဝက်လောက်ကနားကြတယ် ”
    ဟု ဆိုသည်။

    သစ်သီးဝလံတို့ကို သွင်းအားစုစရိတ်ကြီးမြင့်စွာ စိုက်ပျိုးထားသော်လည်း  တရုတ်၊ ဂျပန်နှင့် ထိုင်း စသည့်နိုင်ငံများသို့ ကုန်ကြမ်းအဖြစ် ပြောင်းလဲခြင်းမရှိ တင်ပို့နိုင်နေရခြင်းကြောင့် အကျိုးအမြတ်ရရှိမှုအလွန်နည်းပါးနေသည်ဟုလည်း ဆိုသည်။

    အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင်လည်း  မွန်ပြည်နယ်မှအဆင့်မြင့်ဆားကြမ်းများကို တောင်ကိုးရီယားဈေးကွက်သို့ တင်ပို့မည်ဟုဆိုသော်လည်း လက်ရှိအချိန်အထိ အကောင်ထည်ဖော် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးကြောင်း ဆားလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

    “မွန်ပြည်နယ်ကနေထုတ်တဲ့ဆားတွေက တစ်ခြားနိုင်ငံကိုတစ်ခါမှတင်ပို့ဖူးတာမရှိတော့ အကုန်လုံးကို စစ်ဆေးနေရဆဲပဲပေါ့။ ကိုရီယားက ဝယ်မဲ့ဈေးကွက်တွေ လာရောက်စစ်ဆေနေတာလည်းရှိပါတယ်။ ဒါ့မဲ့ဒီကနေ့အချိန်အထိကို လက်တွေ့အကောင်ထည်ဖော်ဖို့က တစ်ခုမှမတွေ့ရသေးဘူး ကျွန်တော်တို့ ဘာမှအတိကျပြောလို့မရသေးဘူး ” ဟု ဆိုသည်။

    မွန်ဒေသထွက် ထုတ်ကုန်တို့ကို ကုန်ချောပြုလုပ်နိုင်ရန် ယခင် အရပ်သားအစိုးရလက်ထက်ကပင် အသေးအစားအလတ်စား လုပ်ငန်းရှင်၊ အစိုးရလုပ်ငန်းရှင်တို့မှ အိမ်နီးနားချင်းနိုင်ငံတို့ထံ ချိတ်ဆက်ဆောင်ရွက်ခဲ့သော်လည်း အကောင်အထည်ဖော်နိုင်ခြင်းမရှိပေ။

     လက်ရှိတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အားနည်းပြီး ဈေးကွက်ပျောက်ဆုံးနေခြင်းကြောင့် မွန်ဒေသထွက်အသီးအနှံတို့ ယခုနှစ်အတွင်း အလေအလွင့်ဖြစ်မှု များလျှက်ရှိဟု အသီးအနှံစိုက်တောင်သူတို့က ဆိုသည်။

    ကိုဗစ်ကာလနှင့် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲကြောင့် မွန်ဒေသထွက်ထုတ်ကုန်တို့ ဈေးကွက်ပျောက်ဆုံးနေသည့်အပြင် လက်မှုလုပ်ငန်းတို့လည်း ရပ်နားထားသည့်အခြေအနေတွင် ရှိနေသည်ဟု သိရသည်။

    မွန်ပြည်နယ်၏ အဓိကလုပ်ငန်းများမှာ ဆန်စပါး၊ ရာဘာ စိုက်ပျိုးထုတ်လုပ်ခြင်းအပြင် ဥယျာဉ်ခြံလုပ်ငန်းများမှ ကျွဲကော၊ ဒူးရင်း၊ သီဟိုဠ်၊ သံပုရာ၊သရက်နှင့် ကွမ်းသီးတို့ထွက်ရှိပြီး ရေလုပ်ငန်းမှလည်း ငါးပိ၊ငါးခြောက်၊ ငံပြာရည်နှင့် ပင်လယ်ဆားငံရည်မှ နေလှန်းဆားတို့ တုတ်လုပ်လျှက်ရှိကြောင်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks