မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ဖမ်းဆီးခံထားရသည့် ကော့စနိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၄ ဦးကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း ကော့စနိုင်လူမှုကူညီရေးအဖွဲ့နှင့် နီးစပ်သည့် မြို့ခံတို့ထံမှ သိရသည်။
ကော့စနိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးမြအောင်နှင့် သမီးဖြစ်သူ မချောစုရတနာ၊ ဦးချမ်းသာအောင်၊ ဦးစိုးလှိုင်နှင့် ၎င်းတို့ မိတ်ဆွေအမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်တို့က ဇွန်လ ၁၃ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ဖမ်းဆီးသွားပြီးနောက် ကော့စနိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၄ ဦးကို စစ်ကောင်စီလှုပ်ရှားမှုကို PDF ထံ သတင်းပေးပို့ခြင်း၊ PDF ကို ငွေကြေးထောက်ပံ့ခြင်းဆိုသည့်စွပ်စွဲချက်ဖြင့် စစ်ကောင်စီက အမှုဖွင့်အရေးယူလိုက်ခြင်းဖြစ်သည်။
“ PDF တွေကို ထောက်ပံ့တယ်။ PDF တွေကို သတင်းပေးလုပ်နေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားတယ်။ အခုကတော့ သူတို့ ၄ ဦးစလုံးကို အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့တော့ သိရတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။
ကော့စနိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၄ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က)၊ ၅၄ တို့ဖြင့် အမှုဖွင့်ခံထားရသည်ဟု ဆိုသည်။
လက်ရှိတွင် ဖမ်းဆီးအမှုဖွင့်ခံထားရသည့် ကော့စနိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် အဆက်အသွယ်မရသလို ၎င်းတို့နှင့်အတူ ဖမ်းဆီးခံထားရသူ ၄ ဦးတို့နှင့်လည်း အဆက်အသွယ်မရကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း ကျိုက်ထိုမြို့၊ ကော့စနိုင်ရပ်ကွက်တွင် အရက်ထိုင်သောက်နေကြသည့် လူငယ် ၅ ဦးကို စစ်ကောင်စီတပ်တို့မှ ပစ်ခတ်ဖမ်းဆီးခဲ့ရာ လူငယ် ၁ ဦးသေဆုံးသွားခဲ့ပြီး ကျန် ၄ ဦးကို စစ်ကောင်စီတပ်တို့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု မြို့ခံတို့ထံမှ သိရသည်။
မွန်ပြည်နယ်တွင် PDF ကို ထောက်ပံ့ခြင်း၊ PDF နှင့် ဆက်စပ်သည်ဆိုပြီး စစ်ကောင်စီတပ်တို့က မကြာခဏ ဖမ်းဆီးနေပြီး အများစုက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှုဖွင့်ခံနေရသည်။
