spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းရှမ်းမြောက်တိုက်ပွဲများအတွင်း အရပ်သား သေဆုံးမှု ၂၀ ကျော်လာ

    ရှမ်းမြောက်တိုက်ပွဲများအတွင်း အရပ်သား သေဆုံးမှု ၂၀ ကျော်လာ

    -

    ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြန်လည်ပြင်းထန်လာသည့် တိုက်ပွဲ ၄ ရက်အတွင်း အရပ်သားသေဆုံးမှု ၂၀ ဦးကျော်ရှိလာကြောင်း ဒေသတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

    ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ သီပေါ၊ နောင်ချိုနှင့် မိုးကုတ်မြို့နယ်တို့တွင် ဇွန်လ ၂၄ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်နှင့် တအာင်းမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။

    တိုက်ပွဲအတွင်း နှစ်ဘက်ပစ်ခတ်မှုများနှင့် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျောက်မဲမြို့ရှိ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    “ကျောက်မဲမှာတော့ ၂၀ ကျော်ပြီ အိမ်တွေကို လက်နက်ကြီးကျလို့ သေတာတွေရှိတယ်။ တချို့ရုပ်အလောင်းတွေကတော့ လမ်းပေါ်မှာရှိနေတာပေါ့။ ဒါတွေကို ကျွန်တော်တို့ သယ်ပြီး သင်္ဂြိုလ်ပေးတာတွေလုပ်ထားပါတယ်။ အားလုံးက အရပ်သားတွေလားဆိုတာတော့ ကျွန်တော်တို့လည်း အတည်မပြုနိုင်ပါဘူး” ဟု ၎င်းက ဆိုသည်။

    စစ်တပ်ယူနီဖောင်းနှင့် ရုပ်အလောင်းအချို့ကိုလည်း ရှင်းလင်းထားပြီးTNLA မှလည်း ကျောက်မဲမြို့ပေါ်သို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီးဖြစ်ကြောင်း သိရသည်။

    ဇွန်လ ၂၇ ရက်နေ့က ကျောက်မဲမြို့ အင်ကြင်းတောင်အနီးရှိ သီလရှင်ကျောင်းအနီးတွင် လက်နက်ကြီးကျည်ကျ ပေါက်ကွဲမှုကြောင့် သီလရှင်တစ်ပါး သေဆုံးခဲ့သည့်အပြင် စစ်ကောင်စီမှ လေကြောင်းပစ်ခတ်မှုကြောင့်လည်း အရပ်သား ၃ ဦးသေဆုံးခဲ့သေးသည်။

    အလားတူ နောင်ချိုမြို့ပေါ်တိုက်ပွဲတွင်လည်း ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၅ ဦးခန့်သေဆုံးသွားခဲ့ကြောင်း ဒေသတွင်းမီဒီယာတို့က ဖော်ပြထားပြီး ဒေသခံတို့က မြေပြင်တွင် သေဆုံးသူအရေအတွက် ယခုထက် ပိုများနိုင်ကြောင်း ဆိုသည်။

    ၎င်းပြင် နောင်ချိုမြို့ပေါ်တွင် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီး နှစ်ဦးကို စစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

    တိုက်ပွဲဖြစ်ပွားနေသည့် မိုးကုတ်မြို့တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ထပ်မံသေဆုံးမှုများရှိနေသော်လည်း အရေအတွက်မသိရသေးကြောင်း၊ မိုးကုတ်နှင့် ကျောက်မဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်နေကြောင်း သိရသည်။

    လက်ရှိတွင် ကျောက်မဲနှင့် နောင်ချိုမြို့ကို TNLA က ထိန်းချုပ်ထားပြီး လက်ကျန် စစ်ကောင်စီတပ်စခန်းများကို TNLA က ဆက်လက်တိုက်ခိုက်လျက်ရှိသည်။

    တိုက်ပွဲကြောင့် ကျောက်မဲမြို့တွင် အရပ်သားသေဆုံးမှု အများဆုံးဖြစ်ပြီး ကျောက်မဲ၊ နောင်ချိုနှင့် မိုးကုတ်မြို့ပေါ်တွင် အရပ်သား ပိတ်မိနေသည်လည်းရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks