spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းရေဖြူဒေသခံ ၁၀၀ ကျော် ထိုင်းနယ်စပ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာ

    ရေဖြူဒေသခံ ၁၀၀ ကျော် ထိုင်းနယ်စပ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်းထိန်းချုပ်နယ်မြေအတွင်းက ဒေသခံ ၁၀၀ ကျော် ထိုင်းနယ်စပ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြောင်း သိရသည်။

    ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က ရေဖြူမြို့နယ်၊ မျောက်ချောရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြပြီးနောက် ထောင်နှင့်ချီသည့်ဒေသခံတို့က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

    ထွက်ပြေးတိမ်းရှောင်လာကြသူများအနက် ထိုင်းနယ်စပ်ရှိ ခလော့ဂနီ မွန်ဒုက္ခသည်စခန်းတွင် လူဦးရေ ၁၄၀ ခန့် ရောက်ရှိနေသည်ဟု အကူအညီပေးနေသူတို့ထံမှ သိရသည်။

    “လောလောဆယ် ဒီခလော့ဂနီ စစ်ဘေးရှောင်စခန်းမှာ အယောက် ၁၄၀ လောက် ရောက်ရှိနေတယ်။ သူတို့တွေက ဇွန်လ ၁၉ ရက်နေ့မှာ ရွာကနေ စပြေးလာကြတယ်။ ၂၃ ရက်နေ့ ညနေပိုင်းမှာ ကရိန်ကင် (ကြုင်ကင်) ကို ရောက်လာကြတယ်။ စစ်ဘေးရှောင်တွေ ရောက်နေကြတဲ့သတင်း ကြားလိုက်တယ်၊ ပြီးတော့ ၂၄ ရက်နေ့မှ ကျနော်တို့ ကရိန်ကင် (ကြုင်ကင်) ကို လိုက်သွားတယ်။ သူတို့ကို မေးကြည့်တယ်၊ သူတို့ဘာဖြစ်ချင်လဲပေါ့၊ ဒါနဲ့ သူတို့ပြောတာ နေစရာနေရာနဲ့ စားစရာရှိရင် လိုက်သွားမယ်လို့ပြောတော့ ဒီစခန်းကို ခေါ်လာခဲ့တယ်” ဟု ထွက်ပြေးလာသူများကို အကူအညီပေးသူတစ်ဦးက ပြောသည်။

    လက်ရှိတွင် အရပ်ဖက်အဖွဲ့အစည်းများနှင့် မွန်အဖွဲ့အစည်းအသီးသီးက စားဝတ်နေရေးနှင့် ကျန်မားရေးဆိုင်ရာ ကိစ္စရပ်များ ကူညီဆောင်ရွက်လျက်ရှိသော်လည်း ရေရှည်တွင် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

    “နေ့စဉ် စားဝတ်နေရေးကတော့ ကြာလာရင် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်တယ်။ တချို့တွေက နေရပ်ပြန်ချင်ကြတဲ့သူတွေ ရှိတယ်လေ။ အဲဒီလူတွေအတွက် ပို့ဆောင်ပေးရေးအပိုင်းနဲ့ ပတ်သက်ပြီး အခက်အခဲရှိလာနိုင်တယ်။ အိမ်တွေ မီးလောင်ပျက်ဆီးသွားတဲ့လူတွေက ဒီစခန်းမှာပဲ ရေရှည် နေသွားရမယ့်သဘောရှိတယ်” ဟု အထက်ပါ အကူအညီပေးနေသူက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ထွက်ပြေးလာသူများသည် ထိုင်းနယ်စပ်ဘက်ရောက်ရန် ၅ ရက်ခန့် လမ်းလျှောက်လာရကြောင်း လမ်းတွင် အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရကြောင်း ခလောက်ခနီဒုက္ခသည်စခန်းသို့ ရောက်ရှိနေသည့် မျောက်ချောဒေသခံတစ်ဦးက ပြောသည်။

    “ထွက်ပြေးလာချိန်မှာ လေယာဉ်နဲ့ ရွာကို ဗုံးကြဲချလို့ ကျနော်တို့အိမ်နှစ်လုံး မီးလောင်သွားတယ်လေ။ ကရိန်ဗိုင် (ကြုင်ဗိုင်) ကိုရောက်တော့ ခလေးတွေ တအားဒုက္ခရောက်သွားခဲ့တယ်။ ဘာလို့လဲဆိုတော့ မြစ်တွေကူးရတယ်လေ။ တစ်ယောက်နဲ့တစ်ယောက် လက်တွေချိတ်ပြီး ကူးလာခဲ့ရတယ်။တောလမ်းမှာ ၅ ရက်လောက် အိပ်လာရတယ်။ ခလေးတွေကလည်း မိုးရေတွေကြား အိပ်လာခဲ့ရတယ်။ ခလေးတွေအတွက် အစာကျွေးနိုင်ပေမဲ့ လူကြီးတွေက အစာငတ်ခံလာရတယ်” ဟု ၎င်းက ပြောသည်။

    မျောက်ချောအနီးဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် မျောက်ချော၊ မိတ်ဇိတ်၊ ရုန်းပိုင်၊ ကျောင်းဒုံ၊ မရော့ချိုင်း၊ နဂါးအိုင် စသည့် ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်လာကြရပြီး အချို့သည် ထိုင်းနယ်စပ် ခလော့ဂနီဒုက္ခသည်စခန်းသို့ ရောက်ရှိလာကြပြီး တောထဲတွင် လူဦးရေ ၃၀၀ ထက်မနည်း ကျန်ရှိနေသေးကြောင်း စစ်ဘေးရှောင်လာသူတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks