Tuesday, March 10, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူ-မုဒုံကားလမ်းတလျှောက် ဂိတ်များလာပြီး ငွေညှစ်တောင်းခံမှု ဆိုးရွားလာ

    ဘုရားသုံးဆူ-မုဒုံကားလမ်းတလျှောက် ဂိတ်များလာပြီး ငွေညှစ်တောင်းခံမှု ဆိုးရွားလာ

    -

    ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် ဘုရားသုံးဆူနှင့် မွန်ပြည်နယ်ကို အဓိကသွားလာနေရသည့် ဘုရားသုံးဆူ-အဘစ်-မုဒုံလမ်းပိုင်းတလျှောက် ဂိတ်များလာပြီး ငွေညှစ်တောင်းခံမှုလည်း ဆိုးရွားလာသည်ဟု အဆိုပါလမ်းပိုင်းတွင် ပြေးဆွဲနေသည့် ယာဉ်မောင်းများထံမှ သိရသည်။

    ဘုရားသုံးဆူမှ မွန်ပြည်နယ်သို့ ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး-မုဒုံလမ်း၊ ဘုရားသုံးဆူ-သံဖြူဇရပ်လမ်း၊ ဘုရားသုံးဆူ-အဘစ်-မုဒုံလမ်းပိုင်းမှတဆင့် သွားလာအသုံးပြုနေကြသော်လည်း လက်ရှိတွင် တိုက်ပွဲနှင့် လုံခြုံရေးအခြေအနေကြောင့် ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး-မုဒုံလမ်းပိုင်းကိုသာ သွားလာအသုံးပြုနေကြသည်။

    ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး-မုဒုံလမ်းပိုင်းတွင် ယခုနောက်ပိုင်း ဂိတ်များလာပြီး ‌ ငွေညှစ်တောင်းခံမှု ဆိုးရွားလာသည်ဟု အဆိုပါလမ်းပိုင်းတွင် ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

    “ဂိတ်ကြေးအတွက် တစ်သိန်းခွဲလောက် ကုန်သွားတဲ့နေ့လည်း ရှိတယ်။ တခါတလေ ၅ သောင်း၊ ၈ သောင်းလောက် ကုန်လိုက်တဲ့နေ့လည်း ရှိတယ်။ မုဒုံ-အဘစ်လမ်းပေါ့။ အဲအဘစ်ဂိတ်မှာဆိုရင် (စစ်တပ်ဂိတ်)မှတ်ပုံတင်မပါလို့ရှိရင် ခရီးသည်တစ်ယောက်ကို တစ်သောင်း ဖမ်းတဲ့ရဲတွေ ကောက်စားနေတာ ရှိတယ်” ဟု ၎င်းက ပြောသည်။

    အဆိုပါလမ်းပိုင်းတလျှောက်တွင် စစ်ကောင်စီ လက်အောက်ခံတပ်များ၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဂိတ်များ မွန်ပြည်သစ်ပါတီ (NMSP) အပါအဝင် စစ်ဆေးရေးဂိတ်ပေါင်း ၁၅ ဂိတ်ထက်မနည်းရှိသည်ဟု ယာဉ်မောင်းတို့က ပြောသည်။

    “ကုန်တင်သွားတဲ့ကားတွေ လူတင်သွားတဲ့ကားတွေဆို ဂိတ်ကြေးတွေက တအားများတယ်လေ။ ဗမာရဲတွေ ဗမာစစ်သားတွေနဲ့တွေ့ရင် အများကြီးပေးရတယ်။ သူတို့က ၅ သောင်းဆို ၅ သောင်း ပေးရတယ်။ ၆ သောင်းဆို ၆ သောင်း ပေးရတယ်။ သူတို့ သောင်းသလောက် ပေးရတယ်” အထက်ပါ ယာဉ်မောင်းက ပြောသည်။

    လမ်းတလျှောက်ရှိ ကရင်နှင့် မွန်ဂိတ်တို့တွင် ခရီးသည်တစ်ဦးလျှင် ကျပ်တစ်ထောင်နှုန်းဖြင့် ကောက်ခံနေသော်လည်း စစ်ကောင်စီတပ်ဂိတ်တို့တွင် လိုချင်သလောက်သောင်းနေသည်ဟု ဘုရားသုံးဆူ- မုဒုံလမ်းကြောင်းကို ပြေးဆွဲနေသည့် အခြားယာဉ်မောင်းတစ်ဦးက ပြောသည်။

    ၎င်းက “စစ်ဆေးရေးဂိတ်တွေမှာ ဘယ်လိုမျိုးတောင်းခံနေတာလဲဆိုရင် ကရင်စစ်ဆေးရေးဂိတ်တွေဆိုရင် ခရီးသည်တစ်ယောက်ကို တစ်ထောင်နှုန်းနဲ့ ကောက်ခံနေတာ ရှိတယ်။ တချို့ဂိတ်တွေဆို ကွမ်းယာဖိုး၊ လက်ဖက်ရည်ဖိုး ပေးရတဲ့ဟာလည်း ရှိတယ်” ဟု ပြောသည်။

    ဘုရားသုံးဆူ-အဘစ်-မုဒုံလမ်းပိုင်းတလျှောက်တွင် စစ်ဆင်ရေးဂိတ်များ ယခင်ကထက် ပိုများလာကြောင်းလည်း ယာဉ်မောင်းများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks