spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းလုံခြုံရေးအကြောင်းပြချက်ဖြင့် ချောင်းနှစ်ခွဒေသခံများကို စစ်တပ်က ပြန်ခွင့်မပေး

    လုံခြုံရေးအကြောင်းပြချက်ဖြင့် ချောင်းနှစ်ခွဒေသခံများကို စစ်တပ်က ပြန်ခွင့်မပေး

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွဒေသက နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်နေကြရသူများကို စစ်ကောင်စီက လုံခြုံရေးအကြောင်းပြကာ ကျေးရွာအတွင်း ပြန်လည်နေထိုင်ခွင့်မပေးကြောင်း ဒေသခံတို့၏ ပြောကြားချက်များအရ သိရသည်။

    ချောင်းနှစ်ခွဒေသအတွင်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားအစည်းအရုံး KNU ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

    တိုက်ပွဲကြောင့် ချောင်းနှစ်ခွနှင့် အနီးနားက တောင်ကလေး၊ လှကဇိုင်း အစရှိသည့် ကျေးရွာများမှ ဒေသခံပြည်သူ ထောင်နှင့်ချီ နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ခဲ့ကြရသည်။

    ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများသည် ၇ လနီးပါးကြာမြင့်လာသည့်အတွက် စားသောက်ရေးနှင့် နေထိုင်ရေး အခက်အခဲဖြစ်လာသည့်အခြေအနေကြောင့်နေရပ်ပြန်ရန် ကြိုးပမ်းလာကြသည်။

    နေရပ်ပြန်နိုင်ရေးအတွက် ဒေသခံပြည်သူတို့က ချောင်းနှစ်ရဲစခန်းရှိ စစ်ကောင်စီတပ်နှင့် ကျိုက်မရောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံ ၇ ကြိမ်ထက်မနည်း သွားရောက်တောင်းဆိုခဲ့ကြသော်လည်း ယနေ့ထိ နေရပ်ပြန်ခွင့်မပြုသေးကြောင်း ချောင်းနှစ်ခွဒေသခံတစ်ဦးက ပြောသည်။

    “စစ်တပ်က ချောင်းနှစ်ဒေသထဲမှာ မြေမြှုပ်မိုင်းတွေထောင်ထားလို့၊ ဒေသခံတွေရဲ့ လုံခြုံရေးအခြေအနေကြောင့် ပြန်မပေးနေတာလို့ ပြောတယ်။ ကိုယ့်ဒေသမှာ တိုက်ပွဲဖြစ်နေတော့ တခြားနေရာတွေမှာလိုက်နေနေရတာ အခုဆိုရင် ၆ လကျော် ၇ လရှိတော့မယ်။ အဲ့ဒီတော့ နေရေးထိုင်ရေး၊ စားရေးသောက်ရေးကအစ အခက်အခဲတွေဖြစ်နေပြီး” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

    ၎င်းပြင် ကလေးငယ်များ ပညာသင်ကြားခွင့် ဆုံးရှုံးနေရသည့်အပြင် ချောင်းနှစ်ခွကျေးရွာအတွင်း ကျန်ရစ်ခဲ့သည့် နေအိမ်များမှ အဖိုးတန်ပစ္စည်းများလည်း ခိုးယူခံနေကြရကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

    နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်နေကြရသည့် ချောင်းနှစ်ခွဒေသခံပြည်သူ ၂၀၀၀ ကျော်ရှိနေပြီး ၎င်းတို့သည် မော်လမြိုင်၊ မုဒုံ၊ ကျိုက်မရော အစရှိသည့်မြို့များရှိ ဆွေမျိုးများ၊ အသိမိတ်ဆွေများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် နေထိုင်နေကြရသည်။

    ချောင်းနှစ်ခွဒေသသို့ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများကိုလည်း စစ်ကောင်စီတပ်မှ ဖမ်းဆီးရိုက်နှက်မှုများရှိနေသလို နေအိမ်ကို ဖောက်ထွင်းပြီး ပစ္စည်းများခိုးယူနေသည်ဟုလည်း ဒေသခံများက ဆိုကြသည်။

    ချောင်းနှစ်ခွဒေသတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ရပြီး၊ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

    ၎င်းပြင် တိုက်ပွဲနှင့် စစ်ကောင်စီတပ်ဘက်က မီးရှို့မှုကြောင့် နေအိမ်အလုံး ၁၀၀ ထက်မနည်း မီးလောင်ပျက်ဆီးခဲ့ရသည့်အပြင် မုဒုံ – ကြာအင်းဆိပ်ကြီးကားလမ်းပေါ်ရှိ အတ္ထံရံမြစ်ကူး ချောင်းနှစ်တံတားလည်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks