Tuesday, March 10, 2026
More
    spot_img
    Homeသတင်းအိုးဘိုထောင်ဝန်ထမ်း ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင် သေဆုံး

    အိုးဘိုထောင်ဝန်ထမ်း ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင် သေဆုံး

    -

    မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင်သည်။ အကျဉ်းထောင်ဝန်ထမ်းများ၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ဇွန်လ ၂၀ ရက်နေ့က သေဆုံးသွားခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။

    အသက် ၂၃ နှစ်‌ကျော်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင်(ခ)ကိုထက်သည် ရာဇသတ်ကြီးပုဒ်မ-၅၂(က) ဖြင့် အိုးဘိုအကျဉ်းထောင်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၄ နှစ် ပြစ်ဒဏ်ကျခံနေရသူဖြစ်သည်။

    အိုးဘိုအကျဉ်းထောင်တွင် အခန်းစာရေးအဖြစ် လုပ်ကိုင်နေသည့် အကျဉ်းသားတစ်ဦးမှ မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်နေစဉ် လက်ပူးလက်ကြပ်မိ၍ အကျဉ်းထောင်ဝန်ထမ်းများကို တိုင်တန်းရန်ကြိုးစားခဲ့စဉ် အခန်းသူကြီးတန်းစီးက မတိုင်တန်းရန် ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ကိုထက်ရန်နိုင်ဘက်က ပြေလည်ခဲ့သည်ဟု ဆိုသည်။

    သို့သော်လည်း အခန်းစာရေးအကျဉ်းသားက မကျေနပ်ပဲ အဆောင်(၃)၏ ဒုအဆောင်မှူးတပ်ကြပ် ဇေယျာအောင်ကို လုပ်ကြံလီဆယ်၍ တိုင်တန်းခဲ့ရာ တပ်ကြပ်ဇေယျာအောင်က ဖြစ်စဉ်ကို သေချာမစုံစမ်းဘဲ ကိုထက်ရန်နိုင်ကို အကြောင်းမဲ့ ရိုက်နှက်ခဲ့သည် PPNM က ထုတ်ပြန်ထားသည်။

    ကိုထက်ရန်နိုင်က မိမိတွင်အပြစ်မရှိ၍ မရိုက်နှက်သင့်ကြောင်း ပြန်လည်ပြောဆိုသည့်အတွက် အကျဉ်းထောင်ဝန်ထမ်းကို ကလန်ကဆန်လုပ်သည်ဟု စွပ်စွဲ၍ ကိုထက်ရန်နိုင်အား ဒေါက်ခြေချင်းခတ် အပြစ်ပေးရန်အတွက် Main Jail သို့ အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။

    ထောင်ပိုင်လေးဖြစ်သူ ဦးဇော်ထွန်း၏ ခွင့်ပြုချက်ဖြင့် တပ်ကြပ်ဇေယျာအောင်၊ တပ်သားမြတ်မင်းသူ၊ တပ်သားမိုးမင်းထက်၊ အကျဉ်းသားဖိုးကေနှင့် အခြားအကျဉ်းထောင်ဝန်ထမ်းများမှ ဝါးဆစ်ပိတ်တုတ်များ၊ သံတုတ်များ၊ ကျဉ်စက်များဖြင့် ကိုထက်ရန်နိုင်ကို ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသည်ဟု PPNM က ဆိုထားသည်။

    ပြင်းထန်စွာ ဝိုင်းဝန်းခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင်သည် အသက်ဘေးမှ လွတ်မြောက်ရန် အခြားအဆောင်များဆီ အကူအညီတောင်းခံရန် ထွက်ပြေးရင်း အိပ်ဆောင်(၅) စိုက်ခင်းတွင် တစ်ကြိမ် အကျဉ်းဦးစီးဝန်ထမ်းများ၏ ဝိုင်းဝန်းရိုက်နှက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုကို သေလုမျောပါး ထပ်မံရိုက်နှက်ခံခဲ့ရသည်။

    ခန္ဓာကိုယ်အနှံ ရိုက်နှက်ခံထားရမှုကြောင့် သတိလက်လွတ်ဖြစ်နေသည့် ကိုထက်ရန်နိုင်ကို နံနက် ၁၀ နာရီ ဝန်းကျင်ခန့်တွင် ကြိုးတုတ်ကာ Wheel Chair ပေါ်တင်ပြီး အကျဉ်းထောင်ဆေးရုံဘက်သို့ ခေါ်ဆောင်သွားခဲ့ပြီး ဆေးဝါးကုသမှုကို လုံလောက်စွာ မပေးဘဲ ဆေးရုံဝင်းအတွင်းရှိ အရူးတိုက်တွင် ပိတ်လှောင်ထားခဲ့သည်ဟု PPNM က ထုတ်ပြန်ထားသည်။

    အကျဉ်းထောင်တာဝန်ခံတို့က ကိုထက်ရန်နိုင် အသက်ငွေ့ငွေ့သာ ကျန်တော့သည့်အချိန် နေ့လည် ၁ နာရီကျော်‌ရောက်မှသာ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း ဆေးရုံအရောက်တွင် ကိုထက်ရန်နိုင် သေဆုံးသွားခဲ့ကြောင်း PPNM က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks